четверг, 23 декабря 2010 г.
ကြို့ထိုးခြင်းအကြောင်း သိကောင်းစရာ
ကြို့ထိုးခြင်းကို လူတိုင်းခံစားဖူးကြမှာပါ။ ကြို့ထိုးခြင်းကို ဆေးပညာမှာ ၄၈ နာရီအောက် ကြို့ထိုးခြင်း၊ ၄၈နာရီကြာအောင် ကြို့ထိုးခြင်း နဲ့ ၁လကြာအောင် ကြို့ထိုးခြင်းရယ်လို့ ၃မျိုးခွဲခြားထားပါတယ်။ မွေးကင်းစမှ အသက်အရွယ်မရွေးထိ ဖြစ်ပွါးနိုင်ပြီး အမျိုးသားတွေက အမျိုးသမီးတွေထက်ပိုမို အဖြစ်များတယ်လို့ ဆိုကြပါတယ်။မနက်ပိုင်းထက် ညနေပိုင်းအချိန်တွင် အများဆုံးကြို့ထိုးလေ့ရှိပြီး  တစ်မိနစ်လျှင် ၅ ကြိမ်မှ အကြိမ် ၆၀ ခန့်ထိဖြစ်ပွါးတတ်ပါတယ်။
ကြို့ထိုးခြင်း ဘာကြောင့်ဖြစ်ပေါ်လာရသလဲဆိုရင် Diaphragm လို့ခေါ်တဲ့ ၀မ်းဗိုက်နဲ့ ရင်ဘတ်ကို ပိုင်းခြားထားတဲ့ ရင်ဝမ်းကြွက်သားရဲ့ ရုတ်တရက် အဆက်မပြတ် ကျုံ့မှုကြောင့် ကြို့ထိုးခြင်း ဖြစ်ပေါ်လာတယ်လို့ ဆိုပါတယ်။ လူတွေအသက်ရှုသွင်းလိုက်တဲ့အခါမှာ ရင်ဝမ်းခြားကြွက်သားဟာ ကျုံ့ကာ အောက်ကိုဆင်းသွားပြီး အသက်ရှုထုတ်လိုက်တဲ့အခါမှာ အပေါ်ကိုတက်လာပါတယ်။ ရင်ဝမ်းခြားကြွက်သားရဲ့ လှုပ်ရှားမှုကို ထိန်းချုပ်ထားတာက Phrenic nerve ဆိုတဲ့ အာရုံကြောပါ။ အဲဒီ အာရုံကြောကို လှုံဆွမိတဲ့ အခါ ရင်ဝမ်းခြားကြွက်သားကို ကျုံ့ပြီးတောင့်တင်းလာစေတာကြောင့် အသက်ရှုနှုန်းဟာ တိုပြီးမြန်လာပါတယ်။ အဲဒီအခါမှာ epiglottis လို့ ခေါ်တဲ့ လေပြွန်ဖုံးက ရုတ်တရက် ခဏခဏပိတ်သွားပြီး ကြို့ထိုးတဲ့ အသံဆိုတာ ဖြစ်ပေါ်လာတယ်။ ဒါပေမယ့် ကြို့ထိုးခြင်းဖြစ်ပေါ်ပုံအတွက် တိကျပြည့်စုံတဲ့ အဖြေကိုတော့ ဘယ်သူမှ မပြောနိုင်သေးပါဘူး။
ကြို့ထိုးစေတဲ့ အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ အရက်သောက်ခြင်း၊ အစာတွေ အများကြီးစားပြီး အစာအိမ်တင်းနေခြင်း၊ အစားအစာကို အလျင်စလို အမြန်စားလိုက်ခြင်း၊ ရင်ပြည့်ရင်ကယ်ခြင်းတို့ကြောင့် ကြို့ထိုးခြင်းကို ခံစားရတတ်ပါတယ်။ပူတဲ့စပ်တဲ့ အစာတွေနဲ့ ပြည့်တင်းနေတဲ့ အစာအိမ်က phrenic nerve ကို လှုံ့ဆွတဲ့အတွက် ကြို့ထိုးလာခြင်းဖြစ်ပါတယ်။ ဒါ့အပြင် ကျောက်ကပ်မကောင်း၍ သွေးထဲတွင် urea တက်နေခြင်းကြောင့်လည်း ကြို့ထိုးစေနိုင်ပါတယ်။မေ့ဆေးပေးပြီး ခွဲစိတ်ခံတဲ့ လူနာတွေမှာလည်း ကြို့ထိုးခြင်းကို ခံစားရသလို ရင်ဝမ်းခြားကြွက်သားကို လှုံ့ဆွစေတတ်သော ရောဂါများဖြစ်သည့် ရင်ဝမ်းခြားကြွက်သားအောက်တွင် ပြည်တည်ခြင်း၊ နှလုံးသွေးကြောပိတ်ခြင်း၊ နှလုံးအမြှေးပါးရောင်ခြင်း စတဲ့ ရောဂါတွေဟာလည်း ကြို့ထိုးခြင်းကို ဖြစ်ပေါ်စေတတ်ပါတယ်။ စိတ်လှုပ်ရှားခြင်း၊ စိတ်ဖိစီးမှုများခြင်း ကြောက်ရွံ့ခြင်းတို့ကြောင့်လည်း တခါတရံကြို့ထိုးတတ်သလို သွေးတွင်း သကြားဓါတ်များနေခြင်းနှင့်  ဆိုဒီယမ် ၊ ပိုတက်စီယမ်နဲ့ ကယ်လ်စီယမ်ပမဏ နည်းတဲ့အခါမှာလည်း ကြို့ထိုးနိုင်ပါတယ်။ Dexamethasone ကဲ့သို့သော စတီးရွိုက်ဆေးဝါးများနဲ့ Diazepam ဆေးဝါးများကို သုံးစွဲပါကလည်း ကြို့ထိုးစေနိုင်ပါတယ်။
ကြို့ထိုးခြင်းဟာ ၄၈နာရီထက်ပိုမကြာဘူးဆိုရင်တော့ ဆရာဝန်နဲ့ ပြသစရာမလိုဘဲ အလွယ်တကူ ပျောက်ကင်းနိုင်ပါတယ်။ ဒါပေမယ့် ၄၈ နာရီထက်ပိုကြာမယ်ဆိုရင်တော့ ရောဂါတခုခုကြောင့် ကြို့ထိုးခြင်း ဖြစ်ပေါ်တာဖြစ်နိုင်တဲ့ အတွက် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ ဥပမအားဖြင့် အစာအိမ်ရောင်ခြင်း၊ အူသိမ် ပိတ်နေခြင်း၊ သွေးတွင်းသကြားဓါတ်များစေတဲ့ ဆီးချိုရောဂါ၊ ကျောက်ကပ် အလုပ်မလုပ်ခြင်းနှင့်  ဦးနှောက်အမြှေးပါးရောင်ခြင်း စတဲ့ ရောဂါတွေကြောင့် ဖြစ်နေနိုင်ပါတယ်။
ကုသမှုပိုင်းအနေနဲ့ ၄၈နာရီအောက်သာ ကြာမြင့်တဲ့  ကြို့ထိုးခြင်းတွေအတွက် ထွေထွေထူးထူး ကုသစရာမလိုအပ်ပါဘူး။ ဒါပေမယ့် ကြို့ထိုးခြင်း အမြန်သက်သာစေတဲ့ နည်းလမ်းလေးတွေတော့ ရှိပါတယ်။ ရှောက်သီးစိတ် တစ်စိတ်လောက်ကိုက်ပေးခြင်း၊ ရေခဲရေကို နည်းနည်းချင်း မကြာခဏ သောက်ပေးခြင်း၊ သကြားအနည်းငယ်ကို မျိုချခြင်း၊ အသက်ရှုခဏအောင့်ထားခြင်း၊ လျှာကိုရှေ့သို့ထုတ်ခြင်း၊ ကျွတ်ကျွတ်အိတ် သို့မဟုတ် စက္ကူအိတ်ကို နှာခေါင်းနဲ့ ပါးစပ်တွင်စွပ်၍ ခဏတဖြုတ်အသက်ရှုပေးခြင်း၊ ရှေ့ဘက်သို့ ခါးအနည်းငယ်ကိုင်း၍ ထိုင်ခြင်း၊ ရုတ်တရက် ထိတ်လန့်သွားအောင် လုပ်လိုက်ခြင်း စသည်ဖြင့်ကြို့ထိုးပျောက်ကင်းအောင် လုပ်လို့ ရတဲ့  နည်းလမ်းတွေ အများကြီးရှိပါတယ်။ နာတာရှည် ကြို့ထိုးခြင်းအတွက် Chlorpromazine ဆိုတဲ့ဆေးကလည်း အထောက်အကူပြုပါတယ်။ ဒါပေမယ့် ဆရာဝန်ရဲ့ ညွှန်ကြားချက်မပါဘဲနဲ့ တော့ လုံးဝမသောက်သုံးသင့်ပါဘူး။ အအန်ပျောက်ဆေးဖြစ်တဲ့ Metoclopramide (mexalon) ဆေးဝါး ၁၀ မီလီဂရမ်ကို တစ်နေ့ သုံးကြိမ်သောက်ခြင်းဖြင့်လည်း ကြို့ထိုးခြင်းကို သက်သာစေနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ၂ရက်ထက်ကျော်ပြီး ကြို့ထိုးနေမယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသပြီးလိုအပ်တဲ့  စစ်ဆေးကုသမှုတွေ ခံယူသင့်ပါတယ်။
ကြို့ထိုးခြင်းကို ကာကွယ်ဖို့အတွက်ကတော့ အရက်မသောက်ပါနဲ့၊ gas ပါတဲ့ အရည်များ လျှော့သောက်ပါ။ တကြိမ်ထဲနှင့် အလွန်အမင်း ဗိုက်ပြည့်လွန်းအောင် မစားပါနဲ့။ အစာစားရင်လည်း အလျင်စလိုမြန်မြန်မစားပါနဲ့။ ဖြေးဖြေးချင်းစားပါ။ အကယ်၍ ရောဂါ အခံတစ်ခုခု ရှိနေပြီး ကြို့ထိုးခြင်းက ၂ ရက်ထက်ပိုကြာနေပြီဆိုပါက ဆရာဝန်နှင့်ပြသပြီး လိုအပ်သော ကုသမှုများကို ခံယူပါလို့  တိုက်တွန်းလိုက်ပါတယ်။
စကားပြောသော လက်သည်းများ
ကျွန်တော်တို့ရဲ့ လက်သည်း ခြေသည်းတွေကို Keratin ခေါ် ပရိုတင်းတမျိုးဖြင့် ဖွဲ့စည်းထားပါတယ်။
လက်သည်းခွံကို  nail  plate  လို့ခေါ်ပြီး  လက်သည်းခွံပတ်လည်တ၀ိုက်  ဧရိယာကိုတော့  nail  folds  လို့
ခေါ်ဆိုပါတယ်။   လက်သည်းခွံအောက်ဘက်ရှိ သွေးကြောမျှင်လေးများကြောင့်  ကျွန်တော်တို့ရဲ့
လက်သည်းများဟာ  ပန်းရောင်သမ်းနေခြင်းဖြစ်ပါတယ်။  nail  bed  ဆိုတာကတော့  လက်သည်းခွံဖုံးထားတဲ့
အသားကို  ခေါ်တာဖြစ်ပြီး  လက်သည်းအောက်ခြေဘက်ရှိ  အရေပြားနေရာသေးသေးလေးကို  cuticle  လို့
လခြမ်းပုံလေးဟာဆိုရင်   လက်မမှာ အကြီးဆုံးဖြစ်ပြီး   လက်သန်းမှာများသောအားဖြင့်   အဲဒီလခြမ်းပုံလေး
မရှိတတ်ကြပါဘူး။   လက်သည်းများဟာ တစ်လလျှင်   ၂   မီလီမီတာမှ   ၃   မီလီမီတာထိရှည်ထွက်နှုန်းရှိပြီး
ခြေသည်းများကတော့ တစ်လလျှင်   ၁   မီလီမီတာခန့်   ရှည်ထွက်လာလေ့ရှိပါတယ်။   အသက်အရွယ်၊
ယောင်္ကျားမိန်းမ၊  ရာဦဥတုနဲ့အစာအာဟာရပေါ်  မူတည်ပြီး  လူတစ်ဦးနှင့်  တစ်ဦး  လက်သည်းခြေသည်း
ရှည်ထွက်နှုန်းမတူညီကြပါဘူး။ နွေရာသီကာလတွင် ရှည်ထွက်နှုန်းမြန်လေ့ရှိသလို မိမိအားသန်တဲ့လက်မှ
လက်သည်းများဟာ အခြားတဖက်ထက် ရှည်ထွက်နှုန်း ပိုမြန်လေ့ရှိပါတယ်။
ကျန်းမာတဲ့  လက်သည်းခြေသည်းများဟာ ကျွန်တော်တို့ ကျန်းမာရေးကောင်းမွန်နေခြင်းရဲ့ ပြယုဂ် တစ်ခုလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ သတိမမူမိပေမယ့် လက်သည်းတွေဟာ ကျွန်တော်တို့ရဲ့ ကျန်းမာရေးအခြေအနေကို တစိတ်တပိုင်း ဖော်ပြနေတတ်ပါတယ်။ အမေရိကန် Florida ပြည်နယ် အရေပြားအထူးကု Dr.Tamara Lior က “မျက်လုံးဟာ စိတ်ရဲ့ပြတင်းပေါက်ဖြစ်သလို လက်သည်းများ ဟာလည်း ကျန်းမာရေးရဲ့ ပြတင်းပေါက်တစ်ခုဖြစ်တယ်”လို့ ပြောကြားဖူးပါတယ်။ ဒါကြောင့် လက်သည်းများဟာ ကျွန်တော်တို့ရဲ့ ကျန်းမာရေးအခြေအနေကို ဘယ်လိုဖော်ပြနေတယ်ဆိုတာကို သိထားသင့်လှပါတယ်။
၁။ လက်သည်းနှင့် အာဟာရချို့တဲ့ခြင်း
Omega 3 ၊ ပရိုတင်းနဲ့ သံဓါတ်တွေဟာ ဆိုရင် လက်သည်း၊ ဆံပင်နဲ့ အရေပြားရဲ့ ကျန်းမာရေးအတွက် အထောက်အကူပြုနေပါတယ်။ သံဓါတ်ချို့တဲ့တဲ့ သွေးအားနည်းရောဂါ (iron deficiency anaemia) မှာဆိုရင် လက်သည်းတွေဟာ ပါးလွှာနေပြီး လက်သည်းတွေရဲ့ အလယ်ဟာ အစွန်း ၂ဖက်ထက်ချိုင့်နေပြီး ဇွန်းပုံသဏ္ဍန် ဖြစ်နေတတ်ပါတယ်။ ဆေးပညာအခေါ်အဝေါ်အရ koilonychia လို့ခေါ်ဆိုပါတယ်။ ကိုယ်ဝန်ဆောင်မိခင်များ၊ အာဟာရဓါတ်မျှတအောင် မစားသုံးသူများတွင် အထက်ပါ သံဓါတ်ချို့တဲ့တဲ့ သွေးအားနည်း ရောဂါ ကို တွေ့ရှိရတတ်ပါတယ်.။ ၎င်းရောဂါ မဖြစ်ပွါးစေဖို့အတွက် သံဓါတ်ကြွယ်ဝသော အသားအမျိုးမျိုး၊ ကြက်ဥ အနှစ်၊ ဟင်းနုနွယ်၊ ပဲနီလေး၊ စပျစ်သီးခြောက် အစရှိတာတွေကို သင့်တင့်မျှတအောင် စားသုံးပေးဖို့ လိုပါတယ်။ ဗီတာမင် စီ ဟာလည်း ခန္ဓာကိုယ်တွင် သံဓါတ်စုပ်ယူနိုင်မှုကို အားပေးတဲ့အတွက် အချဉ်ဓါတ်ပါဝင်သော အသီးအနှံများကိုပါ တပါတည်း တွဲဖက်စားသုံးသင့်ပါတယ်။
၂။လက်သည်းကိုက်ခြင်း
လက်သည်းကိုက်လေ့ရှိခြင်း၊    လက်မကို   စုပ်လေ့ရှိခြင်း  စတာတွေဟာဆိုရင်  စိတ်ပျံ့လွင့်သူတွေ၊
စိတ်ဂဏှာမငြိမ်တဲ့သူတွေ၊   စိတ်ဖိစီးမှုများတဲ့သူတွေရဲ့ လက္ခဏာတစ်ရပ်ပဲဖြစ်ပါတယ်။ အမေရိကန်နိုင်ငံရှိ ကလေးများနဲ့    ဆယ်ကျော်သက်များလူဦးရေရဲ့    တ၀က်လောက်ဟာလည်း    လက်သည်းကိုက်တဲ့အကျင့်
ယိုယွင်းခြင်းတော့ မဖြစ်တတ်ပေမယ့် လက်သည်းများ မလှမပ ဖြစ်တတ်ခြင်း နဲ့  လက်သည်းနဲ့  ပါးစပ်တွေမှာ
ခက်ပါတယ်။ ဒါပေမယ့်  အသက်ကြီးလာတဲ့အခါမှာတော့  လက်သည်းကိုက်တတ်တဲ့အကျင့်ဟာ အလို
အလျောက် ပျောက်သွားတတ်ကြပါတယ်။ လက်သည်းကိုက်တတ်တဲ့အကျင့်ကို ဖျောက်ဖို့အတွက် စိုးရိမ်
အရောင်တင်ဆေး(nail  polish)  များလည်း  သုံးနိုင်ပါတယ်။ အကယ်၍များ လက်သည်း  ကိုက်ခြင်းအပြင်
လက္ခဏာတွေပါ ပူးတွဲရှိနေမယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။
၃။တင်းပုတ်ပုံ လက်သည်း(Clubbing)
ဘယ်ညာလက်၂ချောင်းရဲ့  လက်သည်း  ၂ခု(ဥပမာ-  ဘယ်ဘက်လက်ခလယ်နဲ့  ညာဘက်လက်ခလယ်)ကို
ဇောက်ထိုးထား၍    မျက်နှာချင်းဆိုင်ပူးကြည့်ပါက  လက်သည်း၂ခုကြားတွင်  ဆနွင်းမကင်းပုံစံ ဟနေတဲ့
နေရာလွတ်လေးကို      တွေ့ရမှာ   ဖြစ်ပါတယ်။  Clubbing   ဖြစ်နေတဲ   လက်မှာဆိုရင်      အဲဒီ
ထောင့်ပုံစံပျောက်နေပါတယ်။     နောက်ပြီး     nail     folds     များကလည်း     ခုံးနေပြီး     လက်ချောင်း
အဖျားပိုင်းများကလည်း   ထူပြီးတုတ်နေပါတယ်။   nail      clubbing  လို့ခေါ်တဲ့   လက်သည်းများ
အဆုတ်ပြွန်များ ကျယ်ခြင်း စတဲ့ အဆုတ်ရောဂါရှိသူတွေမှာ တင်းပုတ်ပုံစံ လက်သည်းကိုတွေ့ရလေ့ရှိပါတယ်၊
ဒါ့အပြင်     တချို့သော     နှလုံးရောဂါနဲ့     အသည်းရောဂါ  ရှိသူတွေမှာလည်း  တွေ့နိုင်ပါသေးတယ်။
တင်းပုတ်ပုံလက်သည်းကို  ဂရိသမားတော်ကြီး    Hippocrates  က  တွေ့ရှိခဲ့တဲ့အတွက်  Hippocratic  fingers
လို့လည်း ခေါ်ဆိုကြပါတယ်။
၎။အ၀ါရောင်လက်သည်းရောဂါစု ( Yellow nail syndrome )
အ၀ါရောင်လက်သည်းရောဂါစုမှာ  ဆိုရင် လက်သည်းများဟာ  အ၀ါရောင် သို့မဟုတ်  အစိမ်းရောင်
သန်းနေတတ်ပါတယ်။  လက်သည်းများ  ရှည်ထွက်မှုဟာလည်း  သိသိသာသာနှောင့်နှေးနေတတ်ပြီး
လက်သည်းများဟာလည်း  အရမ်းထူနေတတ်ပါတယ်။  ဒီရောဂါဟာဆိုရင်  အဆုတ်ရေဖုံးခြင်းနဲ့
ရှိပါတယ်။
၅။ အဖြူရောင် လက်သည်းများ
လက်သည်းမျက်နှာပြင်တွင်  အဖြူစက်များ၊  အဖြူရောင်အမျှင်တန်းများ  ဖြစ်ပေါ်နေ  တတ်ပါတယ်။
leukonychia       လို့ခေါ်ဆိုပါတယ်။   ဒီလိုလက်သည်းမှာ       အဖြူရောင်များဖြစ်ပေါ်နေခြင်းကို
အသက်ရွယ်ကြီးတဲ့သူတွေမှာတွေ့နိုင်သလို     လက်သည်းထိခိုက်မိခြင်း၊     ပရိုတင်းဓါတ်ချို့တဲ့ခြင်း၊
အသည်းရောဂါရှိခြင်း    စတဲ့ရောဂါတွေမှာလည်း    လက်သည်းဟာ    အဖြူရောင်ခပ်နောက်နောက်
သမ်းနေတတ်ပါတယ်။
၆။လက်သည်းခြေသည်းတွင် ရောဂါပိုးဝင်ခြင်း
လက်သည်းများဟာလည်း    ခန္ဓာကိုယ်ရဲ့အခြားအစိတ်အပိုင်းများကဲ့သို့    ရောဂါပိုးဝင်တတ်ပါတယ်။
လက်သည်းခြေသည်းများမှာဆိုရင်ဖြင့် မှိုကြောင့်ဖြစ်သော ရောဂါများဟာ အဖြစ်အများဆုံးဖြစ်ပါတယ်။
အဲဒီလို  ရောဂါပိုးဝင်ပြီဆိုရင်  လက်သည်းခြေသည်းများဟာမာထူနေတတ်ပြီး  အရောင်ဟာလည်း
အပြာရောင်၊  အစိမ်းပုပ်ရောင်  ဖြစ်နေတတ်ပါတယ်။  အလားတူပဲ  ဘက်တီးရီးယားနဲ့  ဗိုင်းရပ်စ်ပိုးများ
ကလည်း  လက်သည်းကို  အကျည်းတန်စေတတ်ပါတယ်။     ဘက်တီးရီးယားတွေရဲ့   အဓိက
တိုက်ခိုက်တဲ့နေရာကတော့  လက်သည်းခြေသည်းပတ်ပတ်လည်ရှိ     အရေပြားကို   ဖြစ်ပါတယ်။
မကုသဘဲထားမည်ဆိုပါက လက်သည်းခြေသည်းများ   ကျွတ်ထွတ်လေ့ရှိပါတယ်။   မသန့်ရှင်းတဲ့
ခြေအိတ်တွေ၊    လက်သည်းညှပ်အစရှိတာတွေကနေတဆင့်   ရောဂါပိုးကူးစက်   နိုင်တဲ့အတွက်
ခြေအိတ်များကို   သန့်ရှင်းစွာဝတ်ဆင်ခြင်း၊   လက်သည်းညှပ်များကို  သန့်သန့်ရှင်းရှင်း   အသုံးပြု
ခြင်းဖြင့် လက်သည်းခြေသည်းများအတွင်း ရောဂါပိုး ကူးစက်ခြင်းကို ကာကွယ်နိုင်ပါတယ်။
၇။ လက်သည်းပေါ်တွင် ကန့်လန့်ဖြတ် မျဉ်းကြောင်းဖြစ်နေခြင်း
အထက်ပါမျဉ်းကြောင်းလေးပေါ်နေခြင်းကို  Beau's lines လို့ခေါ်ပါတယ်။ လက်သည်းရဲ့ အလယ်မှာ
နေရာတွင်  ထိခိုက်မိပါက  အဲဒီမျဉ်းကြောင်းလေးပေါ်နေနိုင်သလို  ထိန်းချုပ်ရခက်သော  ဆီးချိုရောဂါ
ရှိသူများ  ၊  ဆိုးဆိုးဝါးဝါးဖျားနာနေသော  လူနာများ၊  ကင်ဆာဆေးသောက်သုံးနေသော  လူနာများနှင့်
အာဟာရဓါတ်ချို့တဲ့တဲ့ လူများမှာ Beau's lines ကိုတွေ့ရတတ်ပါတယ်။
စတာတွေဖြစ်နိုင်ပါတယ်။   တချို့သော နှလုံးရောဂါရှိသူတွေမှာ  လက်သည်းရဲ့   nail   bed   ဟာ
နီနေနိုင်သလို   သွေးအားနည်းရောဂါရှိသူတွေမှာလက်သည်းဟာ   အရောင်ဖျော့နေတတ်ပါတယ်။
အရေပြားကင်ဆာရှိသူတွေမှာလည်း    လက်သည်းအောက်ခြေတွင်  အနက်ရောင်လိုင်းလေးများ
ဖြစ်ပေါ်နေလေ့ရှိပါတယ်။ ဒါကြောင့် လက်သည်းများဟာ ကျန်းမာရေးအခြေအနေကို တစိတ်တဒေသ
ဖော်ပြနေတဲ့     ခန္ဓာကိုယ်ရဲ့   အစိတ်အပိုင်းတွေဖြစ်ပါတယ်။  ဘယ်လိုပဲဖြစ်ဖြစ်  လက်သည်း
ခြေသည်းများရဲ့   ကျန်းမာရေးကိုလည်း   ဂရုစိုက်သင့်ပါတယ်။  ဒါမှသာ လက်သည်းခြေသည်းများ
အတွင်း  ရောဂါပိုးဝင်ရောက်ခြင်းကို  ကာကွယ်နိုင်မှာပါ။  လက်သည်းခြေသည်းများရဲ့   ကျန်းမာရေး
အတွက် အောက်ပါအတိုင်း ဆောင်ရွက်သင့်ပါတယ်။
၁။ လက်သည်းခြေသည်းများကို သန့်သန့်ရှင်းရှင်း ခြောက်သွေ့အောင်ထားပါ။
၂။ လက်သည်းကိုက်တတ်တဲ့အကျင့်ရှိလျှင် ဖျောက်ပစ်ပါ။
၃။ လက်သည်းအောက်ခြေဘက် cuticle နေရာကို လှီးမဖြတ်ပါနှင့်။
၎။  လက်သည်းခွံနှင့်  nail  bed  ကြားနေရာကနေ  ရောဂါပိုးဝင်လာနိုင်တဲ့အတွက်  အဲဒီကြားနေရာကို
အချွန်အတက်များဖြင့် အလွန်အကျွံ ထိုးဆွသန့်ရှင်းခြင်းမလုပ်ပါနှင့်။
၅။ တတ်နိုင်ပါက လက်သည်းညှပ်များကို သီးသန့်အသုံးပြုပါ။
၆။  ပရိုတင်းနှင့်  ဘိုင်အိုတင်  (biotin)  ကြွယ်ဝသော  ကြက်ဥ  အသားနှင့်  အသဲများ  စားပေးပါ။
ဘိုင်အိုတင်ဟာ  vitamin  B7  ဖြစ်ပြီး  လက်သည်းနှင့်  ဆံပင်များ၏ ကျန်းမာသန်စွမ်းရေးအတွက်
အထောက်အကူပြုပါတယ်။
၇။   acetone   နှင့်   formaldehyde   ပါဝင်သော   လက်သည်းဖျက်ဆေးများကို   အတတ်နိုင်ဆုံး
အသုံးမပြုပါနှင့်။ ၈။ လက်သည်းခြေသည်းများ အရောင်ပြောင်းလဲခြင်းရှိမရှိကိုလည်း စစ်ဆေးပေးပါ။
အထက်ပါအတိုင်း  လက်သည်းခြေသည်းများကို  ဂရုတစိုက်စစ်ဆေးပေးခြင်းဖြင့်  မိမိတို့ရဲ့
ကျန်းမာရေးကို အထောက်အကူပြုနိုင်စေဖို့ အကြံပြုရေးသားလိုက်ရပါတယ်။
လေးစားစွာဖြင့်…
ဒေါက်တာ အောင်အောင်
ပတ်ဝန်းကျင်ဆူညံမှုများ နှလုံးကို ထိခိုက်စေနိုင်
“အလုပ်အကိုင်နှင့် ပတ်ဝန်းကျင် ဆေးပညာဂျာနယ်” မှ ပြောကြားထားပါတယ်။ ဆူညံသော ပတ်ဝန်းကျင်တွင်
နေ့စဉ်ရက်ဆက်         အလုပ်လုပ်သူများအနေဖြင့်         ရင်ဘတ်အောင့်ခြင်း၊         နှလုံးတိုက်ခိုက်ခံရခြင်း၊
သွေးပေါင်တက်ခြင်း စသည့် နှလုံးနှင့်ဆိုင်သော ရောဂါများဖြစ်ပွါးဖို့ အခွင့်အရေးပိုများပါတယ်။
ဆူညံသောပတ်ဝန်းကျင်တွင်       အသက်မွေးဝမ်းကျောင်းသူများဟာ       တိတ်ဆိတ်သောပတ်ဝန်းကျင်တွင်
၆၀၀၀   ကျော်ကို   အခြေခံလေ့လာထားခြင်းဖြစ်ပါတယ်။   ထိုလူဦးရေတွင်   ဆူညံသော   ပတ်ဝန်းကျင်တွင်
အလုပ်လုပ်သူများ၏    ၃.၆    ရာခိုင်နှုန်းမှာ    နှလုံးရောဂါ    ခံစားရမှုများရှိသော်လည်း        ဆိတ်ငြိမ်သော
ပတ်ဝန်းကျင်တွင်   အလုပ်လုပ်သူများတွင်မူ   ၂.၄   ရာခိုင်နှုန်းသာ   နှလုံးရောဂါ   ခံစားရမှုများရှိနေပါတယ်။
ကဲ့သို့သော ဟော်မုန်းများကို ထွက်စေပါတယ်။ ဒီဟော်မုန်းတွေက သွေးလွှတ်ကြောများကိုကျဉ်းစေပြိး နှလုံးကို
သွေးထောက်ပံ့မှုနည်းစေပါတယ်လို့ ကျွမ်းကျင်သုတေသီတစ်ဦးဖြစ်သူ Wenqi Gan က ဆိုထားပါတယ်။
ပတ်ဝန်းကျင်  ဆူညံစေကြောင့်  တစ်ဦးနှင့်တစ်ဦး  ပြောဆိုဆက်ဆံရာတွင်  အခက်အခဲရှိခြင်း၊  အိပ်စက်မှုကို
အနှောင့်အယှက်ဖြစ်စေခြင်း၊   ခန္ဓာကိုယ်၏   အစာခြေမှုစနစ်ကို   ကမောက်ကမဖြစ်စေခြင်း၊   စိတ်အလိုမကျ
ဖြစ်ခြင်းနှင့်  တခြားသော  စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို  ထိခိုက်စေနိုင်ပါတယ်။  ဒါ့အပြင်  လုပ်ငန်းခွင်တွင်
အလွန်အမင်းဆူညံခြင်းနှင့်     အနားယူချိန်တွင်     တေးဂီတသီချင်းများ     ကျယ်လောင်စွာ     နားထောင်ခြင်း
တို့ကြောင့်လည်း အကြားအာရုံကို ထိခိုက်စေနိုင်ပါတယ်။
မြို့ပြဆူညံမှုလူနေစနစ်နဲ့  ရှောင်လွှဲမရသောလုပ်ငန်းခွင်အတွင်းလဆူညံမှုပြဿနာများကို  ဖြေရှင်းဖို့အတွက်
ear    plugs    ခေါ်    နားအဆို့ရှင်    များကို    အသုံးပြုသင့်ပါတယ်လို့    အမေရိကန်ရှိ    ဘာသာစကားနှင့်
အကြားအာရုံပညာရှင်များ အဖွဲ့ အစည်းကလည်း အကြံပြုထားပါတယ်။
23 rd oct. 2010
вторник, 21 декабря 2010 г.
ရောဂါဆိပ်ပျံ့နှံ့ခြင်းနှင့် အသက်ကယ် ဗီတာမင်
ခန္ဓာကိုယ်တွင်း ရောဂါဆိပ်ပျံ့နှံ့ခြင်း(sepsis) ဟာ အသက်အန္တရယ်ကို ခြိမ်းခြောက်တတ်တဲ့  အခြေအနေတစ်ခု ဖြစ်ပါတယ်။ ယခုအခါမှာဆိုရင် ရောဂါဆိပ်ပျံ့နှံ့ခြင်းအတွက် ဈေးနှုန်းသက်သာပြီး ထိရောက်မှုရှိသော ကုထုံးတစ်ရပ်ကို လေ့လာတွေ့ရှိ စမ်းသပ်နေပြီဖြစ်ပါတယ်။ ဗီတာမင်စီဟာ ရောဂါဆိပ်ပျံ့နှံ့ခြင်းကို ကာကွယ်နိုင်တယ်ဆိုတာကို   Western's Schulich ဆေးကျောင်းမှ ပါမောက္ခ တစ်ဦးဖြစ်သူ Dr. Karel Tyml နှင့်အဖွဲ့က သုတေသနပြု တွေ့ရှိခဲ့ပါတယ်။
ရောဂါဆိပ်ပျံ့နှံ့ခြင်းကို ခန္ဓာကိုယ်ရဲ့ ဘယ်အပိုင်းတွင်မဆို တွေ့ရှိရပြီး ဘက်တီးရီးယားကြောင့်သာ အများဆုံးဖြစ်တတ်တဲ့ ရောဂါအခြေအနေတစ်ခု ဖြစ်ပါတယ်။ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ၊ ကိုယ်ခံအား ကျနေသူများတွင် အများဆုံးဖြစ်တတ်ပြီး ဆေးရုံတက်ရောက် ကုသမှုခံနေရသူများတွင်လည်း အခန့်မသင့်ပါက ရောဂါဆိပ်ပျံ့နှံ့ခြင်းကို ခံစားရတတ်ပါတယ်။ ခွဲစိပ်ခံထားရသော နေရာများမှလည်းကောင်း၊ အကြောဆေး ပုလင်းကြီး အချိန်အတော်ကြာ ချိတ်ထားရသောသူများတွင် အပ်ထိုးထားသော နေရာများမှလည်းကောင်း၊ နာတာရှည် အိပ်ရာပေါ်လှဲနေရသောလူနာများတွင် အိပ်ယာနာ (bedsores) မှလည်းကောင်း သန့်ရှင်းမှု မရှိသောအခါတွင် ရောဂါဆိပ်ပျံ့နှံ့ခြင်း ကို ဖြစ်ပေါ်စေတတ်ပါတယ်။ ထိရောက်တဲ့ ကုသမှုမရရှိဘူးဆိုရင် ရောဂါဆိပ်ပျံ့နှံ့ခြင်းကြောင့် အသက်သေဆုံးနှိုင်မှုဟာ ၄၀ ရာခိုင်နှုန်းအထက်ထိ ရှိနိုင်ပါတယ်လို့ Dr. Tyml က ဆိုထားပါတယ်။
ရောဂါဆိပ်ပျံ့နှံ့ခြင်း ဖြစ်ပေါ်တဲ့အခါ ခန္ဓာကိုယ်ရှိ ခုခံအား အဖွဲ့အစည်းဟာ အဓိကကျ လုပ်ဆောင်ရပါတော့တယ်။ အဲဒီအခါသွေးကြောများရဲ့ ပုံမှန်လုပ်ငန်းဆောင်တာများပျက်စီးပြီး သွေးခဲလေးများ ပိတ်ဆို့ကာ ခန္ဓာကိုယ်ရှိ အဓိကအင်္ဂါများတွင် သွေးထောက်ပံ့မှုရပ်တန့်ပြီး အဲဒီအင်္ဂါရဲ့ လုပ်ငန်း ဆောင်တာများလည်း ပျက်ဆီးသွားပါတော့တယ်။ ပိတ်ဆို့ပြီး ကောင်းစွာမစီးဆင်းတော့တဲ့  ဆံချည်မျှင် သွေးကြောများ(plugged capillaries)ဟာ ကိုယ်တွင်းအင်္ဂါများကို အောက်ဆီဂျင်နှင့် အာဟာရဓါတ်များ မထောက်ပံ့နိုင်တော့သလို အညစ်ကြေးများကိုလည်း ပြန်လည်သယ်ဆောင်ခြင်း မပြုနိုင်တော့ပါဘူး။ ဥပမာအားဖြင့် ကျောက်ကပ်တွင် သွေးထောက်ပံ့မှု မရှိတဲ့အခါ ကျောက်ကပ်ပျက်စီးခြင်း(Renal failure) ဖြစ်ပေါ်ကာ ကျောက်ကပ်ရဲ့ တာဝန်များ ပျက်ဆီးသွားပြီး အသက်အန္တရာယ်ကို ထိခိုက်စေပါတော့တယ်။
ဓါတ်တိုးမှုဖြစ်စဉ်(oxidative stress)နှင့် သွေးခဲမှုဖြစ်စဉ်များ(clotting pathway)ဟာ ဆံချည်မျှင် သွေးကြောပိတ်ဆို့ခြင်းတွင် အဓိကကျတယ် လို့ Dr.Tyml က ဆိုပါတယ်။ ဗီတာမင်စီဟာ ဓါတ်တိုးဆန့်ကျင်တဲ့ ဗီတာမင်တစ်မျိုးဖြစ်ပါတယ်။ ၎င်း၏ သုတေသနအရ ရောဂါဆိပ်ပျံ့နှံ့ခြင်း၏ အစောပိုင်းအဆင့်တွင် ဗီတာမင်စီ ထိုးဆေးတစ်လုံးထိုးခြင်းဟာ သွေးကြောအတွင်း ပိတ်ဆို့ခြင်း(plugging)ကို ကာကွယ်စေနိုင်တယ်လို့ တွေ့ရှိခဲ့ပါတယ်။ ဒါ့အပြင် ရောဂါဆိပ်ပျံ့နှံ့ခြင်း၏ နောက်ပိုင်းအဆင့်ရောက်မှ ဗီတာမင်စီ ထိုးဆေးထိုးပါကလည်း ပိတ်ဆို့နေသော သွေးကြောများကို ပြန်လည် ကောင်းမွန်လာစေနိုင်တယ်လို့ Dr.Tyml က ထပ်မံပြောကြားထားပါတယ်။
ကြွက်များကို လေ့လာစမ်းသပ်ခဲ့တဲ့အခါမှာ ရောဂါဆိပ်ပျံ့နှံ့ခြင်းရဲ့ အစောပိုင်းအဆင့်ဖြစ်ဖြစ်၊ နောက်ပိုင်းအဆင့်တွင်ဖြစ်ဖြစ် ဗီတာမင်စီ ထိုးပေးခြင်းကြောင့် ၎င်းတို့ရဲ့ အသက်ရှင်နှိုင်မှု အခွင့်အရေး ပိုများလာကြောင်း Dr. Tyml က ရှင်းပြခဲ့ပါတယ်။ ဗီတာမင်စီရဲ့ အာနိသင်ကလည်း အချိန်ပိုကြာပြီး ဆေးထိုးပြီးနောက် ၂၄နာရီတိုင်အောင် သွေးကြော ပိတ်ဆို့မှုကို ကာကွယ်ပေးနိုင်တယ်လို့လည်း ဆက်လက်ပြောထားပါတယ်။
ဗီတာမင်စီဟာ ဈေးနှုန်းလည်းသက်သာပြီး ဘေးလည်းကင်းတဲ့ ဆေးတစ်မျိုးဖြစ်ပါတယ်။ ရောဂါဆိပ် ပျံ့နှံ့နေတဲ့  လူနာတွေအတွက် ထိရောက်မှုလည်းရှိပါတယ်။ ဒါ့အပြင် ရောဂါဆိပ်ပျံ့နှံ့မှုများသော ဖွံ့ဖြိုးဆဲ နိုင်ငံများနဲ့ ဆေးဝါးစရိတ်ကြီးကြီးမားမား မတတ်နိုင်သော နေရာများတွင်လည်း ပိုမို အကျိုးရှိနိုင်မှာ ဖြစ်ပါတယ်လို့ Dr.Tyml က ပြောကြားသွားပါတယ်။
Ref: www.medicalnewstoday.com
အိုမင်းရင့်ရော်ခြင်းကို ကာကွယ်စေဖို့
ကျွန်တော်တို့၏ သွင်ပြင်လက္ခဏာ အသားအရေအရောင်အဆင်းတို့ဟာ ကျွန်တော်တို့ရဲ့ ကျန်းမာရေး အခြေအနေဘယ်လောက်ကောင်းမွန်သလဲဆိုတာကိုဖော်ပြနေတတ်ပါတယ်။အရေပြားဟာဆိုရင် လူ့ခန္ဓာကိုယ် ထဲသို့ ဗိုင်းရပ်စ်များ၊ ဘက်တီးရီးယားပိုးမွှားများဝင်ရောက်မှုကို ကာကွယ်ပေးထားတဲ့ Barrier ကြီးတစ်ခု ဖြစ်ပါတယ်၊ ခြောက်သွေ့တဲ့အသားအရေဟာ အလွယ်တကူအက်ကွဲနိုင်ပြီး ခန္ဓာကိုယ်အတွင်းသို့ ပိုးမွှားများ ၀င်ရောက်ရန်လမ်းကြောင်းသဖွယ်ဖြစ်နေနိုင်ပါတယ်။
သို့သော် ကျန်းမာနေရင်တောင်မှ အသက်ကြီး လာတာနဲ့အမျှ ကျွန်တော်တို့ ရဲ့ အသားအရေဟာ ရှုံ့တွ လာမယ်၊ အရောင်အဆင်း မွဲခြောက်လာပြီး လျော့တိလျောရဲ ဖြစ်လာမယ်၊ဒါတွေဟာ သဘာဝတစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် ကံကောင်းထောက်မစွာနဲ့ပဲ အဲဒီလိုဖြစ်ပေါ်လာမှုတွေကို လျှော့ချလို့ရတဲ့  နည်းလမ်း တွေလည်း ရှိပါသေးတယ်။ အောက်ဖော်ပြပါ ဗီတာမင်၅မျိုးဟာဆိုရင် အိုးမင်း ရင့် ရော်ခြင်းကို နှေးကွေး စေရုံ သာမကကျန်းမာရေးကိုပါထောက်အကူပြုစေနိုင်ပါတယ်။
၁။ ဗီတာမင် အီး ( vitamin E )
vitamin E  ဟာ အိုမင်းရင့်ရော်ခြင်းကို ကာကွယ်စေနိုင်တဲ့  အစွမ်းသတ္တိ အများကြီးရှိပါတယ်။၎င်းဟာ ဆိုရင် အဆီမှာပျော်ဝင်နိုင်တဲ့  ဗီတာမင်မျိုးဖြစ်ပြီး vitaminE cream ၊ lotion များကို လိမ်းပေးပါက အသား အရေ မွဲခြောက်ခြင်း၊ အက်ကွဲခြင်းများကို ပြန်လည်ပြုပြင်ပေးနိုင်ပါတယ်။ ဒါ့အပြင် နေရောင်ခြည်ထဲတွင်ရှိတဲ့  UVB(Ultraviolent B ray) ကို ကာကွယ်နိုင်တာကြောင့် နေလှောင်ခံ ကရင်အဖြစ်လည်း အသုံးပြုနိုင်ပါတယ်။ vitamin E ဟာ ဓါတ်တိုးဆန့်ကျင်ပစ္စည်း ( anti-oxidant) ဖြစ်တဲ့ အတွက်လည်း ခန္ဓာကိုယ်အား ဆိုးကျိုးပေးသော Free radicals ခေါ် ဓါတ်တိုးပစ္စည်းများကို လျော့နည်းစေပါတယ်။ Free radicals ဆိုတာကတော့ electron အစုံလိုက်မရှိတဲ့ မော်လီကျူးတွေ ဖြစ်ပါတယ်။ ၎င်းတို့ဟာ ကိုယ်ပိုင် electrons မပြည့်စုံတဲ့အတွက် တခြားသော ဆဲလ်တွေဆီကနေ electron တွေကို ခိုးယူပါတယ်၊ ဒါမှမဟုတ် သူတို့ ကိုယ်တိုင် တခြားဆဲလ်အကောင်းတွေဆီကို အတင်းတွယ်ကပ်ပြီး ဓါတ်တိုးခြင်း (oxidation) ဖြစ်စဉ်ကို ဖြစ်စေပါတော့တယ်။ ဒါကြောင့် free radical တွေဟာ တခြားဆဲလ်အကောင်းတွေ၊ တစ်ရှုးတွေကိုပါ ပျက်စီး စေတတ်တဲ့ မကောင်းတဲ့အရာဝတ္ထုတွေ ဖြစ်ပါတယ်။ anti-oxidant မော်လီကျူးတွေကတော့ ၎င်းတို့မှာ များစွာရှိနေတဲ့ electron တွေကို ထို free radical တွေကို ဝေမျှပေးလိုက်ခြင်းဖြင့် ခန္ဓာကိုယ်ထဲမှာ free radical အရေအတွက်နည်းပါးသွားအောင် စွမ်းဆောင်ပေးကြပါတယ်။
သင့်တော်တဲ vitamin E ပမာဏကိုစားသုံးခြင့်ဖြင့် ခန္ဓာကိုယ်ထဲမှာ free radical တွေကြောင့် ပျက်စီးမှုတွေကို ကာကွယ်ပေးပါတယ်။ ဒါသာမကသေးပါဘူး vitamin E ဟာ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေခြင်း၊ ကင်ဆာရောဂါကို ကာကွယ်ပေးခြင်း စတဲ့ အချက်တွေနဲ့လည်း ပြည့်စုံ ပါသေးတယ်။ ကိုလက်စထရောပမာဏကို လျှော့ချပေးခြင်း၊ သွေးခဲခြင်းကို ကာကွယ်ပေးနိုင်ခြင်းတို့ကြောင့် လေဖြတ်ခြင်း၊ နှလုံးသွေးကြောပိတ်ခြင်းများကိုလည်း တားဆီးပေးပါတယ်။ vitamin E ပေါကြွယ်ဝတဲ့  အစားအစာတွေကတော့ အခွံမာအစေ့အဆန်များ၊ ဟင်းသီးဟင်းရွက်ဆီ၊ သံလွင်ဆီ၊ ထောပတ်သီး အစရှိတဲ့ အစိမ်းရောင် အသီးအရွက်တို့ဖြစ်ပါတယ်။
၂။ဗီတာမင် စီ (vitamin C )
Vitamin C ဟာလည်း anti-oxidant တစ်ခုဖြစ်ရုံသာမက ခန္ဓာကိုယ်အတွင်းမှာ နောက်ထပ် anti-oxidant တွေကိုပါ အသစ်ထပ်မံဖြစ်ပေါ်စေတတ်တဲ့ အစွမ်းရှိပါတယ်။ lotion အနေနဲ့ လိမ်းပေးပါကလည်း UV rays ကြောင့် အသားအရေ ပျက်စီးခြင်းကို ကာကွယ်ပေးပါတယ်။ ခန္ဓာကိုယ်မှာဆိုရင် collagen ဟာ အရေပြားကို ပုံဖော်ပြီး တင်းတင်းရင်းရင်းလေး ဖြစ်စေပါတယ်။ vitamin C ဟာ collagen အသစ်ဖြစ်ပေါ်မှုကို အားပေးတဲ့ အတွက် အသားအရေဟာ တင်းတင်းရင်းရင်းဖြစ်နေပြီး နုနယ်တဲ့ ပုံစံပေါက်သွားစေပါတယ်။ ဒါ့အပြင် ဒီတွယ်ဆက် တစ်ရှုး ဖြစ်တဲ့  collagen ဟာ အနာကျက်တဲ့ နေရာမှာ အရေးကြီးတဲ့ အရာတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် အနာမြန်မြန်ကျက်စေဖို့အတွက် vitamin C ကို သုံးစွဲနိုင်ပါတယ်။ vitamin C ကြွယ်တဲ့ အစားအစာတွေ ကတော့ စတော်ဘယ်ရီ၊ သံပုရာ အစရှိတဲ့ ချဉ်တဲ့ အသီးတွေ၊ ခရမ်းချဉ်သီး၊ အာလူးနဲ့ တခြားသော အသီးအရွက်တွေပဲဖြစ်ကြပါတယ်။
၃။ ဗီတာမင် ကေ (vitamin K)
အသက်ကြိးလာတာနဲ့အမျှ မျက်လုံးရဲ့အောက်မှာ အညိုရောင် လျော့တိလျော့ရွဲ အ၀ိုင်းပုံစံလေး ဖြစ်နေတာကို တွေ့ဖူးကြမှာပါ။ ဒီအ၀ိုင်းလေးကလည်း လူကို ပိုမိုရင့်ရော်တယ်ထင်စေရပါတယ်။ ဒီအ၀ိုင်းလေးဖြစ်ပေါ်စေတဲ့  အကြောင်းရင်းကတော့ များစွာရှိပါတယ်၊အသက်ကြီးလာရုံ၊ အိပ်ရေးပျက်ရုံနဲ့ တင်မကပါဘူး ဟော်မုန်းနဲ့  ဓါတ်မတည့်မှုနဲ့ မျိုးရိုးလိုက်မှုတွေကြောင့်လည်း ဒီလိုမျိုး အ၀ိုင်းလေးဖြစ်ပေါ်စေတတ်ပါတယ်။ မျက်လုံး ပတ်ပတ်လည်မှာရှိတဲ့ သွေးကြောမျှင်လေးတွေ ပေါက်ထွက်မယ်ဆိုရင်လည်း ဒီလို အ၀ိုင်းလေးမျိုး ဖြစ်စေတတ်ပါတယ်။ vitamin K ဟာ မျက်လုံးအောက်က သွေးကြောမျှင်လေးများပေါက်ထွက်ခြင်းကို ကာကွယ်ပေးခြင်းဖြင့် အဲဒီလို အ၀ိုင်းမျိုးမဖြစ်အောင် အပြည့်အ၀မဟုတ်ပေမယ့် အနည်းငယ်မျှ တားဆီးပေးနိုင်တယ်လို့ သုတေသီတို့က ယူဆကြပါတယ်။ vitamin K ဟာ အသက်ကြီးလာလို့ အရိုးများ မသန်စွမ်းခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါသေးတယ်။ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်အစာလမ်းကြောင်းရှိ ဘက်တီးရီးယားများကနေ  vitamin K ကိုထုတ်လုပ်နိုင်စွမ်းရှိပါတယ်။ vitamin K ကြွယ်ဝတဲ့  အစား အစာတွေကတော့ ဆလတ်ရွက်၊ brocoli ခေါ် ပန်းမုန်လာအစိမ်းတို့ ဖြစ်ပါတယ်။
၎။နိုင်ရာစင် (Niacin)
Vitamin B3 တစ်ခုဖြစ်တဲ့နိုင်ရာစင်ဟာဆိုရင်လည်း အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးပါတယ်။ နိုင်ရာစင်ဟာ အသားအရေကို စိုပြေစေပါတယ်။ စိုပြေနေတဲ့ အသားအရေဟာ ကျန်းမာသန်စွမ်း နုပျိုနေရုံတင်မကပါဘူး၊ အသားမွဲခြောက်လို့ ဘက်တီးရီးယားတွေ ဗိုင်းရပ်စ်တွေ မ၀င်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ နိုင်ရာစင် ဓါတ် လျော့နည်းနေခြင်းကြောင့် အသားအရေမွဲခြောက်နေတတ်ပါတယ်။ နိုင်ရာစင်ဓါတ်ဟာ အရေပြားရှိဆဲလ်အသေများကိုကွာကျစေပြီး ဆဲလ်အသစ်များကို အရေပြား မျက်နှာပြင်ပေါ်သို့  ရောက်ရှိစေပါတယ်။ဒါ့အပြင် ခန္ဓာကိုယ်အတွက် မကောင်းတဲ့  ကိုလက်စထရောတွေကို လျော့နည်းစေပြီး ခန္ဓာကိုယ်အတွက် ကောင်းမွန်တဲ့  HDL ကိုလက်စထရောကို များစေနိုင်တဲ့ အတွက်  သွေးကြောနံရံမှာ အဆီစုပြီး သွေးကြောကျဉ်းစေတာကို ကာကွယ်ပေးပါတယ်။ နိုင်ရာဝင် ကြွယ်ဝတဲ့ အစားအစာတွေကတော့ အသားငါး ကလီစာများ၊ ကြက်ဥ၊ မြေပဲနဲ့ ပေါင်မုန့်တို့ပဲ ဖြစ်ပါတယ်။
၅။ဗီတာမင် အေ (vitamin A)
vitamin A cream ဟာဆိုရင် နေရောင်ခြည်ဒဏ်ကြောင့် အရေပြားပျက်စီးတာကို ကယ်ကွယ်ပေးပါတယ်။ anti-oxidant အနွယ်ဝင် vitamin A ဟာဆိုရင် အရေပြား ရှုံ့တွခြင်း၊ အရေးအကြောင်းများပေါ်ခြင်းကို ကာကွယ်ပေးပါတယ်။ ဒါ့အပြင် ညအခါအမြင်ေ၀၀ါးခြင်း(ကြက်မျက်သင့်ခြင်း)နှင့် အသက်ကြီး၍ အရိုးပွခြင်း ကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ တစ်ခုသတိထားရမှာကတော့ ခန္ဓာကိုယ်အတွင်း vitamin A ပမာဏ လွန်ကဲပါကလည်း အရိုးကျိုးလွယ်စေ တတ်ပါတယ်။ ခန္ဓာကိုယ်ရဲ့ လိုအပ်ထက်ပမာဏထက်ပိုလျှံပါက ဘေးဥပဒ်ဖြစ်စေတဲ့ အတွက် မိမိသဘောနဲ့ မိမိ vitamin A ဆေးဝါးများ မှီဝဲခြင်း မပြုလုပ်သင့်ပါဘူး။ viamin A ကြွယ်ဝတဲ့ အစားအစာတွေကတော့ မုန်လာဥနီ ၊ဟင်းနုနွယ်နှင့် အစိမ်းရင့်ရောင်ရှိ ဟင်းသီးဟင်းရွက်များ၊ အာလူး၊ ကြက်ဥအနှစ်နဲ့ အသဲတို့ ဖြစ်ပါတယ်။
အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ဖို့အတွက် အထက်ပါ ဗီတာမင် ၅မျိုးကို နေ့စဉ်စားသုံးတဲ့  အစားအစာတွေကနေ ရရှိနိုင်ပါတယ်။လိုအပ်မယ်ဆိုရင်လည်း ဖြည့်စွက်ဆေးဝါးများက အထောက်အက ပြုနိုင်ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်အတွင်း free radical တွေများပြားစေနိုင်တဲ့ ဆေးလိပ် သောက်ခြင်း၊ လေထုညစ်ညမ်းသော နေရာများနှင့် ဓါတ်ရောင်ခြည်သင့်သော နေရာများကို ရှောင်ရှားပါ။ အပူရှိန်ပြင်းသော နေရောင်အောက်သွားသောအခါ ထီး၊ဦးထုပ် အကာအကွယ်သုံးပါ၊ နေရောင်ဒဏ်ကာကွယ်နိုင်သော SPF cream များကို အသုံးပြုပါ။ ဒေါသတရား ရှေ့မထားပါနှင့်။ စိတ်ထောင်းတော့  ကိုယ်ကြေ၊ စိတ်ပျိုတော့ ကိုယ်နုဆိုသလို မေတ္တာတရားပွါးများပြီး stress နည်းပါးအောင် နေထိုင်မယ်ဆိုရင် အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးနိုင်ပါကြောင်း ရေးသား လိုက်ရပါတယ်ခင်ဗျာ။
မျက်ကွင်းညိုခြင်း
မျက်ကွင်းညိုခြင်းဟာ တကယ်တော့ ရောဂါတစ်ခုမဟုတ်ပါဘူး။ မျက်လုံးနားက အသားအရေဟာ မျက်နှာပြင်ရှိ တခြားအသားအရေများထက် ပိုပြီးတော့ ပါးလွှာပါတယ်။ မျက်လုံးပတ်ပတ်လည်မှာ အာဟာရပြု ထောက်ပံ့ နေတဲ့  သွေးကြောလေးတွေက အင်မတန်သေးငယ်ပြီး အဲဒီဆံချည်မျှင် သွေးကြောလေးတွေထဲမှာရှိတဲ့  ဟေမိုဂလိုဘင်( Hemoglobin) များ ပျက်စီးဆုံးရှုံးခြင်းမှ ထွက်ပေါ်လာတဲ့  ရလာဒ်တစ်ခုသာဖြစ်ပါတယ်။ ဒါကြောင့်မို့ မျက်လုံးပတ်လည်ကိုထိခိုက်မိခြင်း ( ဥပမာ - လက်သီးဖြင့်အထိုးခံရခြင်း) တို့ တွင် သွေးကြောများပျက်စီးခြင်းကြောင့် မျက်လုံး ပတ်ပတ်လည်မှာ အညိုအမဲစွဲနေခြင်း ဖြစ်ပါတယ်။ မျက်လုံးပတ်ပတ်လည်ရှိ အရေပြားများမှာ အင်မတန် နူးညံ့ပြီး ပါးလွှာလွန်းတဲ့အတွက် အနည်းငယ်ထိခိုက်မိရုံနဲ့ အညိုအမဲ စွဲနေနိုင်ပါတယ်။ မျက်လုံးတ၀ိုက်တွင် ထိခိုက်မခံရပေမယ့်လည်း မျက်ကွင်းညိုခြင်းဟာ အောက်ပါ အကြောင်းအရာများကြောင့် ဖြစ်စေနိုင်ပါတယ်။
၁။ မျိုးရိုးလိုက်ခြင်း
၂။အိုမင်းရင့်ရော်လာခြင်း
၃။နေရောင်ခြည်နှင့် မကြာခဏထိတွေ့ခြင်း
၎။ နေ့စဉ်ရက်ဆက် ပင်ပန်းနွမ်းနယ်ခြင်း
၅။ စိတ်ဖိစီးမှုများခြင်း
၆။နှင်းခူ ကဲ့သို့သောဓါတ်မတည့်သည့်ရောဂါများရှိနေခြင်း
၇။ ထိပ်ကပ်နာကဲ့သို့သော နှာခေါင်းနှင့်ပတ်သတ်သော ရောဂါများရှိခြင်း
၈။ရေဓါတ်ခန်းခြောက်ခြင်း
၉။ ကွန်ပျူတာ ၊တီဗွီမှန်သားပြင်ရှေ့တွင်အချိန်အတော်ကြာ အာရုံစိုက်၍ အလုပ်လုပ်ခြင်းစသည်ဖြင့် အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။
အထက်တွင် ပြောခဲ့သလိုပဲ မျက်ကွင်းညိုခြင်းဟာ စိုးရိမ်စရာ ရောဂါတစ်ခုမဟုတ်ပါ။ မျက်နှာတွင်ဖြစ်ပေါ်နေခြင်းကြောင့်သာ အလှအပအတွက် အနည်းငယ် စိတ်ရှုပ်စရာဖြစ်ပေမယ့် မျက်ကွင်းညိုခြင်းဟာ လူကို ဒုက္ခပေးတဲ့ ရောဂါတစ်ခုတော့ မဟုတ်ပါဘူး။ မျက်ကွင်းညိုခြင်းကို သက်သာစေဖို့အတွက် နည်းလမ်းလေးတွေလည်းရှိပါတယ်။
ရေများများသောက်ပေးပါ။ တနေ့လျှင် အနည်းဆုံး ဖန်ခွက်ကြီး ၈ ဖန်ခွက်မှ ၁၀ ဖန်ခွက်အထိသောက်ပါ။ ရေများများသောက်ခြင်းဖြင့် အသားအရေကို စိုပြေစေပါတယ်။ မျက်စိကို လက်နဲ့ ကြမ်းကြမ်းတမ်းတမ်း မပွတ်မိပါစေနဲ့။ ရေခဲသေတ္တာထဲတွင် အအေးခံထားသော သခွါးသီး၊ ဒါမှမဟုတ် အာလူးကို အခွံနွှါ၍ အကွင်းလိုက်ပါးပါးလေးလှီးပြီး မျက်စိပေါ်တွင် တစ်နေ့လျှင်၁၅ မိနစ်ခန့်  တင်ထားပေးပါ။ တခါသောက် (Ready made)လက်ဖက်ခြောက်ထုတ်လေးများကိုလည်း သောက်ပြီးပါက လွှင့်မပစ်ဘဲ ရေခဲသေတ္တာတွင် အအေးခံပြီး မျက်စိပေါ်တွင် တင်ထားပေးနိုင်ပါတယ်။ ထောပတ်ဆီ သို့ မဟုတ် သံလွင်ဆီကို မျက်စိဘေးပတ်လည်တွင် ညင်သာစွာ ပွတ်လိမ်းပေးပါ။ vitamin E ကဲ့သို့သော ကရင်မ် များကိုလည်း မျက်လုံးပတ်လည်တွင် လိမ်းပေးနိုင်ပါတယ်။ အိပ်ရေး၀၀အိပ်ပါ။ နေ့စဉ်ရက် ဆက် အိပ်ရေး ပျက်ခြင်းကြောင့်လည်း  မျက်တွင်းချိုင့်လာပြီး မျက်ကွင်း ညိုသကဲ့သို့ ဖြစ်ပေါ်စေတတ်ပါတယ်။ ဒါကြောင့် ပုံမှန် အိပ်ရေး၀၀ အိပ်ဖို့ လည်း လိုအပ်လှပါတယ်။ စိတ်ဖိစီးမှုကင်းဝေးပါစေ။ ကွန်ပျူတာရှေ့၊ တီဗွီရှေ့တွင် တထိုင်တည်း အချိန်အတော်ကြာ မထိုင်မိပါစေနဲ့။ မျက်လုံးကို မကြာဏ အနားပေးပါ။ မျက်စိကို နေရောင်နှင့် တိုက်ရိုက်မထိတွေ့ပါစေနှင့်။ နေရောင်နှင့် ထိတွေ့ခြင်းကြောင့်  အရေပြားတွင် မယ်လနင်  (melanin)များ ပိုမိုထွက်ရှိနိုင်ပြီး မျက်ကွင်းညိုခြင်းကို ပိုမိုဆိုးစေနိုင်ပါတယ်။ အရည်ရွှမ်းသော အသီးအနှံများနှင့် လတ်ဆတ်သော ဟင်းသီးဟင်းရွက်များကို များများစားပေးပါ။
အထက်ပါအတိုင်းလိုက်နာလုပ်ဆောင်ပေးမယ်ဆိုပါက မျက်ကွင်း ညိုခြင်း ကို  လျော့ကျ သက်သာစေနိုင်ပါကြောင်း ရေးသားလိုက်ရပါတယ်။
အစာအိမ်အနာ အဖြေရှာ
မေး။      ။အစာအိမ်အနာ ဘာကြောင့်ဖြစ်ရပါသလဲ။
ဖြေ။       ။ အစာအိမ်အနာ အဓိကဖြစ်စေတဲ့ အဓိက အကြောင်းရင်းက ဘက်တီးရီးယားတစ်မျိုးကြောင့် ဖြစ်ပါတယ်။ ဒုတိယအနေနဲ့တော့ စတီးရွိုက်မပါတဲ့ အယောင်ကျဆေးတွေရဲ့ သက်ရောက်မှုကြောင့်လည်း အစာအိမ်အနာ ဖြစ်တတ်ပါတယ်။ ဥပမာအားဖြင့် Aspirin, Diclofenac, Ibufrofen, Indomethacin, Naproxen အစရှိတဲ့ ဆေးဝါးတွေပဲ ဖြစ်ပါတယ်။
မေး။      ။အစာအိမ်အနာဖြစ်စေတဲ့ ဘက်တီးရီးယားအကြောင်းကို ပြောပြပေးပါ။
ဖြေ။       ။အစာအိမ်အနာဖြစ်စေတဲ့ ဘက်တီးရီးယားကို Helicobacter pylori လို့ခေါ်ပါတယ်။ အတိုကောက်တော့ H pylori ပေါ့နော်။၁၉၈၀ ခုနှစ်ဝန်းကျင်မှာ ဒီပိုးကို ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ အဲဒီဘက်တီးရီးယားဟာ လွန်းပုံသဏ္ဍာန်ရှိပြီး အစာအိမ်နဲ့ အစာအိမ်အောက်ဘက်ကပ်လျက် အူသိမ်ဦးအစပိုင်းမှာ အခြေကျနေထိုင်လေ့ရှိပါတယ်။ လူ့ခန္ဓာကိုယ်ရဲ့ အစာအိမ်ထဲမှာ HCl ဆိုတဲ့ ဟိုက်ဒရိုကလိုရစ်အက်ဆစ်တစ်မျိုး ထွက်ပါတယ်။ အဲဒီအက်ဆစ်ဟာ အစာချေဖို့အတွက် တိုက်ရိုက် အသုံးမ၀င်ပေမယ့် pepsin လို့ခေါ်တဲ့ အစာချေအင်ဇိုင်းတစ်မျိုးထွက်ဖို့ အတွက် ကူညီပေးပါတယ်။ ဒါ့အပြင် စားလိုက်တဲ့ အစာထဲမှာပါတဲ့ ဘက်တီးရီးယားတွေ ဗိုင်းရပ်စ်ပိုးတွေကို သေစေနိုင်ပါတယ်။ အက်ဆစ်က ဘက်တီးရီးယားတွေကို သေစေနိုင်ပေမယ့် H pylori ကို ဘာဖြစ်လို့ မသေစေနိုင်တာလဲ ဆိုတာကို ပြောပြပါ့မယ်။ အစာအိမ်ရဲ့ အတွင်းဘက်မှာ အကျိအချွဲ အလွှာ (mucosa layer) ရှိပါတယ်။ အဲဒီအလွှာကနေ mucus ဆိုတဲ့ အက်ဆစ်ဒစ်ကို ခံနိုင်စွမ်းရှိတဲ့ အရည်တစ်မျိုးထုတ်ပေးပါတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ အစာအိမ်ထဲမှာ အက်ဆစ်ထွက်နေပေမယ့် အစာအိမ်ရဲ့ နံရံကို အက်ဆစ်က တိုက်စားမှု မပြုနိုင်တာဖြစ်ပါတယ်။ H pylori ဟာ အဲဒီ အလွှာကို တွင်းတူးသလို ထိုးဖောက်ဝင်ရောက်ပြိး အခြေကျနေထိုင်ပါတယ်။ နောက်ပြီး အဲဒီ H pylori က ထုတ်လိုက်တဲ urease ဆိုတဲ့ အင်ဇိုင်းတစ်မျိုးက အစာအိမ်ထဲမှာရှိတဲ့ urea ကို ammonia နဲ့ bicarbonate အဖြစ် ပြောင်းလဲပေးပါတယ်။ အဲဒီဓါတ်ပေါင်းတွေက ဘက်တီးရီးယားရဲ့ ဘေးပတ်လည်မှာ အကာအကွယ်သဘောအဖြစ် အက်ဆစ်ကို ဓါတ်ပြယ်စေတဲ့အတွက် အက်ဆစ်က ဘက်တီးရီးယားကို မသေစေနိုင်တော့ခြင်းဖြစ်ပါတယ်။ ဒီနည်းနဲ့ပဲ H pylori ဘက်တီးရီးယားက အစာအိမ်တ၀ိုက်မှာ ထိုးဖောက်နေထိုင်တယ်၊အင်ဇိုင်းတွေထုတ်ပြီး  mucosa layer ကိုလည်း ပျက်စီးစေတယ်။ဒီနည်းနဲ့ပဲ H pylori ဟာ လူကိုဒုက္ခလှလှပေးပါတော့တယ်။
ပုံ- အစာအိမ်အနာဖြစ်စေသော H pylori ဘက်တီးရီးယား
မေး။      ။အဲဒိ H pylori ဘက်တီးရီးယားက ဘယ်လိုနည်းနဲ့ ကူးစက်နိုင်ပါသလဲ။
ကမ္ဘာ့လူဦးရေတ၀က်လောက်နီးနီးရဲ့ အစာအိမ်နံရံမှာ H pylori ဘက်တီးရီးယား ဟာ ကိန်းအောင်း နေပါတယ်။ရောဂါ မခံစားရပေမယ့် ရောဂါပိုးသယ်ဆောင်သူအနေနဲ့ ရှိနိုင်ပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေနဲ့ လူနေမှုအဆင့်နိမ့်ကျတဲ့ ဒေသမျိုးတွေမှာ ကူးစက်လွယ်ပြီး ရောဂါပိုးရှိတဲ့ အန်ဖတ်တွေ မသန့် ရှင်းတဲ့ ရေနဲ့ အစားအစာတွေကနေ ကူးစက်နိုင်ပါတယ်။
မေး။      ။ အစာအိမ်အနာရဲ့ ရောဂါလက္ခဏာတွေက ဘာတွေပါလဲ။
ဖြေ။       ။အစာအိမ်အနာရဲ့ အဓိက လက္ခဏာကတော့ ဗိုက်နာတာပဲ ဖြစ်ပါတယ်။ ၀မ်းဗိုက် ချက်ရဲ့ အထက် ရင်ညွန့်နေရာမှာ နာတတ်လေ့ရှိပါတယ်။ အစာအိမ်အနာမှာ ၂ မျိုးရှိပါတယ်။ အစာအိမ်မှာ အနာဖြစ်တဲ့ ( gastric ulcer) နဲ့ အစာအိမ်ရဲ့အောက်ဘက် အူသိမ်ဦးအစပိုင်းမှာ ဖြစ်တတ်တဲ့ (duodenal ulcer) တို့ပဲဖြစ်ပါတယ်။ လူနာရဲ့ ရောဂါရာဇ၀င်သိရုံနဲ့ ဘယ်နေရာမှာဖြစ်တာလဲဆိုတာကို ခွဲခြားလို့ မရနိုင်ပါဘူး။ ဗိုက်နာတာဟာ အစာနဲ့ ဆက်နွယ်နေမှုရှိပါတယ်။ အစာစားလိုက်မှ ဗိုက်နာတတ်သလို အစာမစားလို့ ဗိုက်ဆာနေချိန်မှာလည်း နာနေနိုင်ပါတယ်။ တခါတရံမှာ ညဘက်တွေမှာလည်း ဗိုက်နာလို့ မကြာခဏ လန့်နိုးတတ်ပါတယ်။ အစာအိမ်အနာသက်သာစေတဲ့ Digene၊ Gelmag အစရှိတဲ့  antacids ဆေးဝါးတွေသောက်လိုက်ရင် ဗိုက်နာတာ သက်သာသွားတတ်ပါတယ်။   တချို့လူနာတွေမှာတော့ ပျို့အန်တာတွေ၊ မစားချင်မသောက်ချင် ဖြစ်တာတွေ ခံစားရတတ်ပါတယ်။ တကယ်လို့များ ကော်ဖီရောင် အရည်တွေ အန်မယ်၊ ကတ္တရာစေးရောင် ၀မ်းမည်းမည်းတွေသွားမယ်ဆိုရင်တော့ အနာပေါက်ထွက်ခြင်း၊ သွေးယိုစီးခြင်း စတဲ့ အစာအိမ်အနာရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကြောင့် ဖြစ်နိုင်တဲ့အတွက် အရေးပေါ် ကုသဖို့လိုအပ်ပါတယ်။
မေး။      ။အစာအိမ်အနာရှိမရှိကို ဘယ်လိုသိနိုင်ပါသလဲ။
ဖြေ။       ။လူနာရဲ့ ရောဂါရာဇ၀င်တစ်ခုထဲသိရုံနဲ့ တော့ အစာအိမ်အနာပါလို့ အတိအကျပြောပြဖို့ ခက်ပါတယ်။ အစာအိမ်မှန်ပြောင်းကြည့်ရှုစစ်ဆေးခြင်းကတော့ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ တခြားစစ်ဆေးလို့ရမယ့် နည်းလမ်းတွေလည်းရှိပါသေးတယ်။ ဒါပေမယ့် အနည်းငယ်ရှုပ်ထွေးတဲ့အတွက် ချန်လှပ်ထားခဲ့ပါမယ်။
ပုံ-အစာအိမ်အနာအား မှန်ပြောင်းမှ မြင်ရပုံ
မေး။      ။အစာအိမ်အနာအတွက် ဘယ်လိုကုသနိုင်ပါသလဲ။
ဖြေ။       ။အစာအိမ်အနာဖြစ်စေတဲ့ ဆေးတွေကို တတ်နိုင်သမျှရှောင်ရပါမယ်။ H pylori ဘက်တီးရီးယားကို သုတ်သင်ဖို့အတွက်တော့ ပဋိဇီဝဆေးတွေ သောက်ဖို့လိုအပ်ပါတယ်။ ဆေးကုသမှု နည်းလမ်းကတော့ အမျိုးမျိုးရှိပါတယ်။
(၁) Omeprazole 20 mg တစ်နေ့ ၂ကြိမ် + Clarithromycin 500 mg တစ်နေ့ ၂ကြိမ် + Amoxicillin 1 g တစ်နေ့ ၂ကြိမ်
(၂) Omeprazole 20 mg တစ်နေ့ ၂ကြိမ် + Clarithromycin 500 mg တစ်နေ့ ၂ကြိမ် + Metronidazole 500 mg တစ်နေ့ ၂ကြိမ်
အထက်ပါ နည်းလမ်းတွေနဲ့ မထိရောက်ခဲ့ဘူးဆိုရင်တော့ အောက်ပါ နည်းလမ်းကို သုံးလေ့ရှိပါတယ်။
(၃) bismuth  တစ်နေ့ ၄ ကြိမ် + metronidazole 400 mg တစ်နေ့ သုံးကြိမ် + tetracycline 500 mg
တစ်နေ့လေးကြိမ် + Omeprazole 20 mg တစ်နေ့ ၂ကြိမ်
စုစုပေါင်း ၁၄ရက် ဆက်တိုက်သောက်ရပါမယ်။ အက်ဆစ်ထွက်တာကို လျော့နည်းစေတဲ့  omeprazole လိုဆေးမျိုးကိုတော့ ရက်သတ္တပတ် ၂ပတ်ထက်ကျော်ပြီး သောက်သုံးဖို့ လိုကောင်းလိုနိုင်ပါတယ်။ တကျောင်း တရွာ တဂါထာ တပုဒ်ဆန်းဆိုသလို ဆရာဝန်တစ်ဦးနဲ့ တစ်ဦးတော့ ဆေးပေးပုံ အကြိမ်အရေအတွက်ခြင်း ကွဲပြားနိုင်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် အထက်ပါဆေးတွေကိုတော့ ဆရာဝန်ရဲ့ ညွှန်ကြားချက်မပါဘဲ မသောက်သုံးပါနဲ့ လို့  အကြံပြုချင်ပါတယ်။
မေး။      ။အစာအိမ်အနာဖြစ်ရင် ရှောင်ကြည်ရမယ့်အချက်တွေရှိပါသလား။
ဖြေ။       ။ဟုတ်ကဲ့၊ အစာအိမ်အနာခံစားနေရတဲ့ လူနာတွေအနေနဲ့  ဆေးလိပ်၊ အရက်မသောက်ရပါဘူး။ ပိုးသတ်ဆေး သောက်နေတဲ့ ကာလမှာတောင် ဆေးလိပ်သောက်မယ်ဆိုရင် အနာကျက်နှုန်းကို နှေးကွေးစေ နိုင်ပါတယ်။ ဒါ့အပြင် ငရုတ်သီး အစပ်များလည်းရှောင်ကြဉ်ပါ။ စားတဲ့အစာထဲမှာ အဆီများတာနဲ့ အကြော်အလှော် အစားအစာများလည်း ရှောင်နိုင်ရင်ကောင်းပါတယ်။ ကော်ဖီ၊ ချောကလက်နဲ့ ကိုကာကိုလာလိုမျိုး gas ပါတဲ့ အရည်တွေကိုလည်း အတတ်နိုင်ဆုံး လျှော့သောက်စေချင်ပါတယ်။
မေး။      ။ ဘယ်လိုအစားအစာမျိုးက အစာအိမ်အနာအတွက် သင့်တော်ပါသလဲ။
ဖြေ။       ။ အမျှင်ဓါတ်များများပါတဲ့ ဟင်းသီးဟင်းနှံများများစားပေးပါ။ ဂေါ်ဖီဟာ အစာအိမ်အနာရှိသူ တွေအတွက်လည်း အလွန် သင့်လျော်တဲ့ သဘာဝ အစားအစာတစ်ခုဖြစ်ပါတယ်။ လွန်ခဲ့တဲ့  နှစ်ပေါင်းများစွာ ကတည်းက ဂေါ်ဖီကြိတ်ရည်ကို အစာအိမ်အနာအတွက် အသုံပြုခဲ့ကြပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ်မှာ အစာအိမ်အနာ ခံစားနေရတဲ့ အကျဉ်းထောင်အချုပ်သားများကို ဂေါ်ဖီဖျော်ရည်နဲ့ ဖန်တီးထားတဲ့ capsule ဆေးဝါးများ တိုက်ကျွေးပြီး စမ်းသပ်ခဲ့ရာမှာ ရောဂါရှိသူရဲ့ ၉၃ ရာခိုင်နှုန်းဟာ ရက်သတ္တပတ် သုံးပတ်အတွင်း အစာအိမ်အနာ သက်သာပျောက်ကင်းပြီး အနာကျက်မြန်တာကို တွေ့ရှိခဲ့ရပါတယ်။ ဒါ့အပြင် ဂေါ်ဖီဖျော်ရည်ကို တစ်ရက်လျှင် လေးကြိမ်သောက်သုံးပေးခြင်းဟာ အစာအိမ်အနာကို ဆယ်ရက်အတွင်း ပျောက်ကင်း စေနိုင်တယ်လို့ အမေရိကန် တိုင်းရင်းဆေးပညာအဖွဲ့အစည်းရဲ့ ဒါရိုက်တာ တစ်ဦးဖြစ်သူ Kathi Keville က ဆိုထားပါသေးတယ်။ ဒါကြောင့် ဂေါ်ဖီထုပ်ဟာလည်း အစာအမ်အနာအတွက် သင့်လျော်တဲ့ အစားအစာတစ်ခု ဖြစ်ပါတယ်။
မေး။      ။ အစာအိမ်အနာနဲ့ပတ်သတ်ပြီး တခြား လိုက်နာစရာ နည်းလမ်းများရှိပါသေးသလား။
ဖြေ။       ။အစာအိမ်အနာရှိနေသူတွေအတွက်တော့ တကြိမ်တည်းနဲ့ ဗိုက်တင်းနေအောင် မစားသင့်ပါဘူး။ ဥပမာ တခါစားရင် ပမာဏများများကို တစ်နေ့ သုံးကြိမ်စားမယ့်အစား နည်းနည်းချင်းနဲ့ တစ်နေ့ခြောက်ကြိမ်လောက်စားတာက ပိုသင့်တော်ပါတယ်။ နောက်ပြီး ဘာကိုပဲစားစား သေချာဖြေးဖြေးချင်း ကြေညက်အောင်ဝါးစားပါ။ စားပြီးတဲ့အခါမှာလည်း ခဏလေးဖြစ်ဖြစ် နားနားနေနေနေပါ။ ညအိပ်ဝင်ခါနီး ၃နာရီအတောအတွင်း ဗိုက်ပြည့်နေအောင် မစားသင့်ပါဘူး။ ပိုးသတ်ဆေးသောက်နေတယ်ဆိုရင်လည်း အချိန်မှန် စနစ်တကျ သတ်မှတ်ထားတဲ့ ရက်အထိ ဆေးပတ်လည်အောင် သောက်ပါ။ H pylori ဘက်တီးရီးယားဟာ အစာအိမ်ကင်ဆာကိုလည်း ဖြစ်စေနိုင်တဲ့ အတွက် ထိရောက်တဲ့ ကုသမှုကို စနစ်တကျ ခံယူကြပါလို့ ပြောကြားလိုပါတယ်။
-လေးစားစွာဖြင့်…
-အောင်အောင်(11Dec, 2010)
ကျမ်းကိုးစာရင်း။   ။
(၁) Davidson’s principle and practice of Medicine, 20th edition
(၂)Kumar and Clark’s Clinical Medicine, 7th edition