среда, 12 января 2011 г.

အ၀လွန်ခြင်း ပြဿနာ(၂)

           ဒီတခါ  ဘယ်လိုလူတွေမှာ အ၀လွန်ခြင်းဖြစ်မလဲ၊ ဘာတွေကြောင့် အ၀လွန်ခြင်း ဖြစ်မလဲ .. အဖြေထုတ်ကြည့်ရအောင်........

(၁) အသက်
            ပထမ တစ်ချက်ကတော့ အသက်ပါပဲ။ အသက်ကြီးလာလေလေ ၀လာဖို့ အတွက် အခွင့်အလမ်း များလေပါပဲ.၊အသက်ကြီးလာတော့ ခန္ဓာကိုယ်ရဲ့  ဇီဝဖြစ်ပျက်မှုတွေက နှေးကွေးလာမယ်။ ခန္ဓာကိုယ်က ကယ်လိုရီ လိုအပ်တဲ့  ပမာဏကလည်း လျော့နည်းလာပါတယ်။ ဒါကြောင့်မို့ အစားအသောက် ပိုမစားပေမယ့်လည်း အသက်ကြီးလာရင် ၀လာနိုင်ပါတယ်။ နောက်တစ်ခုက အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ပိုပြီး ၀လာနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အမျိုသားတွေမှာ ကယ်လိုရီလောင်ကျွမ်းမှုဟာ အမျိုးသမီးတွေထက်ပိုနေလို့ပါ။ ဒ့ါအပြင် အမျိုးသမီးတွေ သွေးဆုံးပြီးတဲ့ နောက်ပိုင်းမှာ ခန္ဓာကိုယ် ဇီဝဖြစ်ပျက်မှု နှုန်းဟာ ကျဆင်းလာပါတယ်။ ဒိအတွက်လည်း သွေးဆုံးပြီးနောက်ပိုင်းအရွယ် အမျိုးသမီးများဟာ ပိုမိုဝလာနိုင်ပါတယ်။

(၂) မျိုးရိုးဗီဇ
          ဒုတိယတချက်ကတော့ မျိုးရိုးလိုက်တာပါပဲ။ မိဘဟာ အရမ်းဝနေတယ်ဆိုရင် သားသမီးတွေ မှာလည်း ၀လာနိုင်ပါတယ်။သင့်ရဲ့ မျိုးရိုးဗီဇ(genes) ဟာ သင့်ခန္ဓာကိုယ်မှာ အဆီဘယ်လောက် သိမ်းဆည်းထားနိုင်တယ်၊ ဘယ်လောက်သယ်ဆောင်ထားနိုင်တယ်ဆိုတာ သက်ရောက်မှု ရှိနေပါတယ်။ ဒါ့အပြင် မိဘရဲ့ စရိုက်လက္ခဏာတွေဟာလည်း သားသမီးအပေါ် ကူးစက်လေ့ရှိပါတယ်။ ပုံမှန်ထက်များများပိုစားပြီး လေ့ကျင့်ခန်းလှုပ်ရှားမှု မရှိတဲ့ အ၀လွန်မိဘတွေရဲ့ သားသမီးတွေဟာ ၎င်းတို့ကိုယ်တိုင်မှာလည်း အဲဒီစရိုက်တွေကြောင့် အ၀လွန်ခြင်း ဖြစ်ပေါ်ဖို့  အခွင့်အလမ်း ပိုများနေပါတယ်။ အဲဒီလိုပဲ  ကျန်းမာမျှတအောင်စားသုံးပြီး လေ့ကျင့်ခန်း လိုက်စားမှုရှိတဲ့ မိဘတွေရဲ့ သားသမီးတွေမှာတော့ အ၀လွန်ခြင်း ဖြစ်ပေါ်ဖို့ ခဲယဉ်းနေနိုင်ပါတယ်။

(၃) ကိုယ်လက်လှုပ်ရှားမှု မရှိခြင်း
          ခေတ်ရေစီးကြောင်းအရ တီဗွီ၊ ဗွီဒီယို၊ ကွန်ပျူတာ တွေက အပန်းပြေ ဖျော်ဖြေမှု တစ်ခုလိုပဲ နေရာယူလာပါတယ်။ လှုပ်လှုပ်ရှားရှား သွားလာခြင်းမရှိဘဲ တီဗီ ကွန်ပျူတာ ၊ ဂိမ်းစက်တွေ ရှေ့မှာ အချိန်များများထိုင်နေမယ် ဆိုရင်လည်း တဖြည်းဖြည်းနဲ့  ၀လာနိုင်ပါတယ်။ ချမ်းသာတဲ့ နိုင်ငံတွေမှာဆိုရင် လှုပ်လှုပ်ရှားရှား နေထိုင်ခြင်းမရှိလို့ အ၀လွန်ခြင်း ဝေဒနာ ခံစားလာရတာက ပြဿနာတစ်ရပ်လိုဖြစ်နေပါတယ်။ အနီးအနား သွားလာနိုင်ဖို့ အတွက် မော်တော်ကားများ  အသုံးပြုခြင်း၊  အ၀တ်လျှော်စက်၊ ပန်းကန်ဆေးစက် စတဲ့ ပစ္စည်းတွေတီထွင်လာနိုင်ခြင်းနဲ့  online shopping စနစ်ပေါ်ပေါက်လာခြင်းတို့ ကလည်း အ၀လွန်ခြင်းကို စိန်ခေါ်နေဦးမယ့် အရာတွေ ဖြစ်ပါတယ်။

(၄)အိပ်ရေးပျက်ခံခြင်း
    ကလေးများနဲ့ လူကြီးတွေကို သုသေတန လေ့လာကြည့်လိုက်တဲ့အခါမှာ ပုံမှန် အိပ်စက်ချိန်မရှိခြင်းဟာ အ၀လွန်ခြင်းနဲ့ ဆက်စပ်နေတာကို တွေ့ရှိရပါတယ်။ ပုံမှန်လူသားတွေအနေနဲ့ ညဘက်အိပ်စက်နေချိန်မှာ Ghrelin နဲ့ Leptin ဆိုတဲ့ ဟော်မုန်း ၂မျိုးထွက်လေ့ရှိပါတယ်။  ခန္ဓာကိုယ်မှာ Ghrelin ကို အဓိကအားဖြင့်  အစာအိမ်နဲ့ မုန့်ချိုအိတ်(pancreas)မှ ထုတ်လုပ်ပြီး ဒီဟော်မုန်းဟာ ဗိုက်ဆာစေတတ်တဲ့ ဟော်မုန်းဖြစ်ပါတယ်။ Leptin ဟော်မုန်းကိုတော့ အဆီတစ်ရှုးတွေကနေ ထုတ်လုပ်ပြီး သူကတော့ Ghrelin နဲ့ ဆန်ကျင့်ဘက် ဆာလောင်မွတ်သိပ်မှုကို ဖိနှိပ်တဲ့ ၊ ဗိုက်မဆာစေတဲ့ ဟော်မုန်း ဖြစ်ပါတယ်။ ဒီဟော်မုန်း ၂မျိုးရဲ့ အချိုးကျမှုဟာ ခန္ဓာကိုယ်ရဲ့ အလေးချိန်ကို ထိန်းထားနိုင်မှုပေါ် သက်ရောက်နေပါတယ်။ နေ့စဉ် အနည်းဆုံး ၆နာရီမှ ၈နာရီထိ အိပ်စက်မယ်ဆိုရင် ဒီဟော်မုန်း ၂ခုရဲ့ ပမာဏဟာ မျှတနေပါတယ်။ အကယ်၍ သင်ဟာအမြဲလိုလို  အချိန်မှန် မအိပ်စက်ဘူးဆိုရင်တော့ ဒီဟော်မုန်း ၂ခုဟာ ပုံမှန် မလုပ်ဆောင်နိုင်တော့ပါဘူး၊Ghrelin ပမာဏဟာ များလာပြီး  Leptin ပမာဏဟာ များလာတဲ့အတွက် သင်ဟာ သာမန်ထက်ပိုစားပြီး အ၀လွန်ခြင်း ဝေဒနာ ခံစားလာနိုင်ပါတယ်။ တနေ့လျှင် ငါးနာရီပဲ အိပ်တဲ့သူဟာ တနေ့လျှင် ၇ နာရီမှ ၈နာရီအတွင်း အိပ်စက်တဲ့သူထက် ပိုမို ၀လာနိုင်ဖို့  အလားအလာရှိနိုင်တယ်လို့လည်း ဆိုပါတယ်။

(၅)ရောဂါနှင့်ဆေးဝါးများ
            သိုင်းရွက်ဟော်မုန်း လျော့နည်းသည့်ရောဂါ(hypothyodrism)၊ စိတ်ကျရောဂါ၊ အင်ဆူလင် အလုံးဖြစ်ပေါ်ခြင်း(insulinoma)၊စတီးရွိုက်ဟော်မုန်း များနေသည့် ကူးရှင်းရောဂါစု(Cushing syndrome) ၊ မမျိုးဥအိမ်တွင် အိတ်များဖြစ်ပေါ်နေတဲ့ ရောဂါစု(Polycystic ovary syndrome) အစရှိတဲ့ ရောဂါတွေ ကြောင့်လည်း အ၀လွန်ဝေဒနာ ခံစားရတတ်ပါတယ်။ ဆေးဝါးတွေအနေနဲ့ စတီးရွိုက်ပါသော ဆေးဝါးများ၊ စိတ်ကျရောဂါ ပျောက်ဆေးများနဲ့ သန္ဓေတားဆေးများဟာ အ၀လွန်ခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။
               
        အခြားသော အချက်တွေအနေနဲ့ကတော့ အမျိုးသမီးများတွင် ကိုယ်ဝန်ဆောင်ပြီးတဲ့ နောက်  ကိုယ်အလေးချိန်တက်လာနိုင်ပါတယ်။ ကိုယ်ဝန်တစ်ခါဆောင်ပြီးတိုင်း အလေးချိန် ၄ပေါင်မှ ၆ ပေါင်ခန့်  တက်လာနိုင်တယ်လို့ ဆိုထားပါတယ်။ ဆေးလိပ်သောက်သူတွေမှာလည်း ဆေးလိပ်ဖြတ်လိုက်တဲ့အခါ ခန္ဓာကိုယ် အလေးချိန် အနည်းငယ်တက်လာတတ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆေးလိပ်ဖြတ်လိုက်တဲ့အခါ စားလိုက်တဲ့ အစာအာဟာရတွေက ပိုမို အရသာရှိစေတတ်လို့ ဖြစ်ပါတယ်။ နောက်တစ်ချက်အနေနဲ့ ကတော့ ဆေးလိပ်မှာ ပါဝင်တဲ့ နီကိုတင်း ဟာ ခန္ဓာကိုယ်မှာ ကယ်လိုရီလောင်ကျွမ်းမှုကို အားပေးပါတယ်။ ဆေးလိပ်ဖြတ်လိုက်တဲ့အတွက် ကယ်လိုရီလောင်ကျွမ်းမှု ပမာဏ လျော့နည်းပြီးအလေးချိန် တက်လာစေခြင်း ဖြစ်ပါတယ်။  ဒါပေမယ်လို့လည်း  ဆေးလိပ်ဖြတ်လို့ ကိုယ်အလေးချိန်အနည်းငယ် တက်လာခြင်းထက် ဆေးလိပ်သောက်လို့  ဖြစ်ပေါ်လာတဲ့ ရောဂါတွေက ပိုမို ဆိုးဝါးစေနိုင်တဲ့အတွက် ဆေးလိပ်ကိုတော့ ဖြတ်သင့်လှပါတယ်။

(ဆက်ပါဦးမည်)
အောင်အောင်

              
            

вторник, 11 января 2011 г.

သူနာပြုဘုရား


ကိုယ်ရိပ်သဏ္ဍန်၊ ညီအာနန်နှင့်
မြတ်မွန်ထွဋ်ထား၊ တို့ဘုရားသည်
တပါးသောခါ၊ ဒေသစာဖြင့်
တိုက်တာလှည့်ကာ ကြည့်သတဲ့။
ကျီးသံသဲ့သဲ့၊ ယင်မဲ့မဲ့ဖြင့်
မွဲပြာညစ်ရောင်၊ ကျောင်းတစ်ဆောင်ကို
ဘုန်းခေါင်ဘုရား၊ ၀င်ကာသွားသော်
သနားစဖွယ်၊ ကျောင်းအလယ်တွင်
ကျင်ငယ်ကျင်ကြီး၊ တင်းကြမ်းစီးလျက်
ကိုယ်ထီးလျောင်းရှာ၊ ထေရ်သူနာကို
မြတ်စွာဘုရား တွေ့ပါသတည်း။
အမိသည်သား၊ ပြုသောလားသို့
ဘုရားမြတ်မွန်၊ ညီအာနန်ကို
ချိုးရန်ရေတောင်း၊ စောင်ပါတောင်းလျက်
သွန်းလောင်းသုတ်သင်၊ ပြီးစီးလျှင်မူ
ခေါင်းတွင်ဘုရား၊ လက်တော်ထားကာ
ညီဘွားခြေက၊ ပြိုင်တူမလျက်
မြတ်လှနေရာ၊ ညောင်စောင်းသာတွင်
ကောင်းစွာအိပ်စက်စေသတည်း။
ထို့နောက်ရှင်တော်၊ စည်းဝေးခေါ်ကာ
မြွက်ဖော်စကား၊ မိန့်တော်ကြား၏
မိခြားဖဝေး၊ တစ်ရပ်ကျေးတွင်
ချိုအေးကြည်သာ၊ တရားရှာသည့်
များစွာအပေါင်း၊ ရဟန်းကောင်းတို့
ညံပျောင်းကြည်ဖြူ၊ နာသောသူကို
ငါ့တူကြင်နာ၊ ပြုစုပါက
မြတ်ရာရောက်လိမ့် ဧကန်တည်း။ ။
မင်းသုဝဏ်

(ဤကဗျာလေးအား ကိုပြည့်စုံအောင်ထံမှ ရရှိပါသည်)

четверг, 6 января 2011 г.

အ၀လွန်ခြင်း ပြဿနာ(၁)

         
           အ၀လွန်ခြင်းဟာ ယနေ့ကမ္ဘာပေါ်မှာ လူ့အသက်အန္တရယ်ကို ခြိမ်းခြောက်လာတဲ့ ရောဂါသဖွယ်  အနေအထားတစ်ခုဖြစ်နေပါတယ်။ နည်းပညာများ တိုးတက်လာခြင်းနဲ့ ဇိမ်ခံပစ္စည်းအသုံးအဆောင်များ များပြားလာခြင်း ၊ လူနေမှု ပုံစံများ ပြောင်းလဲလာခြင်းကြောင့် အ၀လွန်ခြင်းဝေဒနာ ခံစားနေရတဲ့သူတွေ တဖြည်းဖြည်း များသထက်များလာပါတယ်။ အထူးသဖြင့်တော့ဗျာ.. ဒီအ၀လွန်ခြင်းက လူချမ်းသာတွေမှာ ဖြစ်တတ်တဲ့ ရောဂါတစ်ခုပါ။ ချမ်းသာတဲ့ နိုင်ငံတွေမှာလည်း လူတော်တော်များများခံစားနေရတဲ့  ကျန်းမာရေး ပြဿနာတစ်ရပ် ဖြစ်ပါတယ်။
          ကောင်းပြီ၊ အ၀လွန်ခြင်းဆိုတာ ဘာလဲ .. ကျွန်တော်တို့ စဉ်းစားကြည့်ရအောင်။ အ၀လွန်ခြင်းဆိုတာ အဓိကအားဖြင့်တော့ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်မှာ သာမန်ထက်ပိုပြီး အဆီတွေ လွန်ကဲနေခြင်းပဲပေါ့။ အ၀လွန်ခြင်း ဘာကြောင့်ဖြစ်တယ်ဆိုတာကို နောက်ထားဦး၊ ခန္ဓာကိုယ်ရဲ့ ပုံမှန်အခြေအနေကို အနည်းငယ် ပြောကြရအောင်…..ကျွန်တော်တို့ ခန္ဓာကိုယ်မှာ စားလိုက်တဲ့ အစာအာဟာရတွေကနေတဆင့် စွမ်းအင် (Energy) ရရှိပါတယ်။ အဲဒီစွမ်းအင်ကို နိစ္စဓူဝ ခန္ဓာကိုယ်ရဲ့ လှုပ်ရှားမှုတွေ၊ ဦးနှောက်ရဲ့ စဉ်းစားတွေးခေါ်မှုတွေအတွက် ပြန်လည်အသုံးချရပါတယ်။ တနည်းအားဖြင့် Energy output ပေါ့။ အဲဒီလို ကျွန်တော်တို့ စားလိုက်တဲ့  အာဟာရနဲ့ ပြန်လည် အသုံးချလိုက်မှုတွေက အရမ်းမကွာခြားနေဘူးဆိုရင် ဘာပြဿနာမှ ဖြစ်မလာနိုင်ပါဘူး။ အကယ်၍များ ကျွန်တော်တို့စားလိုက်တာက နည်းပြီး ပြန်လည် အသုံးချလိုက်တာက များနေမယ်ဆိုရင် ကျွန်တော်တို့ ဟာ တဖြည်းဖြည်းနဲ့ ပိန်လာမယ်။ စားလိုက်တာက များပြီး ပြန်လည်အသုံးချတာက နည်းနေမယ်ဆိုရင်တော့ တဖြည်းဖြည်းနဲ့ ၀လာမယ်ဆိုတာ ငြင်းစရာမရှိပါဘူး။ ပုံမှန်အားဖြင့်ဆိုရင် ကျွန်တော်တို့ စားလိုက်တဲ့ အာဟာရဓါတ်တွေထဲက ပိုနေတဲ့  ဂလူးကို့စ်တွေကို အသဲ၊ ကြွက်သားနဲ့ အဆီတစ်ရှုးတွေမှာ သိမ်းဆည်းထားပါတယ်။ ခန္ဓာကိုယ်မှာ ဂလူးကို့စ်ဓါတ် နည်းနေတဲ့ အချိန်ကျရင် အဲဒီသိမ်းထားတဲ့ အရာတွေကို ပြန်လည် ထုတ်ပေးပါတယ်။ တကယ်လို့ ကျွန်တော်တို့ဟာ အစာတွေအများကြီးစားမယ်( အထူးသဖြင့် အဆီတွေပေါ့နော်)၊ နောက်ပြီး ခန္ဓာကိုယ်ကလည်း လှုပ်လှုပ်ရှားရှားမလုပ်၊ စွမ်းအင်တွေကို ပြန်လည်အသုံးမပြုဘူးဆိုရင် တဖြည်းဖြည်းနဲ့ အဆီတွေစုလာမယ်။ ကြာလာတော့ သာမန်ရှိသင့်တာထက် ပိုပြီး ၀လာမှာပေါ့ဗျာ။ ဒါက သာမန် အကြမ်းဖျဉ်း ပြောပြတာပါ။ အများကြီးမစားပေမယ့်လည်း ၀နေတဲ့သူတွေရှိပါတယ်။ ဘာကြောင့်လဲဆိုတာကို နောက်ပိုင်းမှာ ရှင်းပြပါ့မယ်။
          သင့်ကိုယ်သင် ဘယ်လိုအခြေအနေမှာ အ၀လွန်တယ်လို့  ယူဆမလဲ…။ ကိုယ်အလေးချိန်များနေတာ တစ်ခုထဲနဲ့ မိမိကိုယ်ကို ၀လွန်းနေပါတယ်လို့ လှေနံဓါးထစ်ပြောလို့ မရသေးပါဘူး။ ကိုယ်ခန္ဓာ အလေးချိန်ရယ် အရပ်အမောင်းရယ် အကုန်စုပေါင်းတွက်ချက်ရပါသေးတယ်။ အ၀လွန်ခြင်းကို တိုင်းတာမယ့်နည်းလမ်းတွေ ရှိနေပေမယ့် စံထားရမယ့် နည်းလမ်းတစ်ခုကတော့ BMI ပါ။ BMI ဆိုတာ Body Mass Index ရဲ့ အတိုကောက်ခေါ်ဝေါ်တဲ့စာလုံးဖြစ်ပါတယ်။ ယနေ့တိုင် လက်ခံသုံးစွဲနေတဲ့  နည်းလမ်းဖြစ်ပါတယ်။
BMI=weight/height2
ကျွန်တော်တို့ရဲ့ ကိုယ်ခန္ဓာအလေးချိန်( ကီလိုဂရမ်)ကို မူတည်ပြီး အလေးချိန်( မီတာ) ၂ထပ်နဲ့ စားမယ်ဆိုရင် BMI အဖြေထွက်ပါတယ်။မီတာ ၂ထပ်ဆိုတာကတော့  ဥပမာ သင့်ရဲ့ အရပ်က ၂မီတာ ရှိရင် ၂ရဲ့ ၂ထပ်ဆိုတော့ ၄ ပေါ့ဗျာ။ ဒါကတော့ မသိတဲ့သူများအတွက်သာ မှားမှာစိုးလို့ တမင်ရှင်းပြပေးတာပါ။ မြန်မာတွေအနေနဲ့တော့ ကီလိုဂရမ်အစား အလေးချိန်ပေါင်ကိုပဲ အသုံးပြုကြပါတယ်။ အရပ်ကိုလည်း ပေ လက်မနဲ့ ပြောကြပါတယ်။ ဒါကြောင့်မို့ ယူနစ်ပြောင်းပြီး တွက်ချက်ချင်တယ်ဆိုရင်တော့ အောက်က နည်းအတိုင်းပြောင်းလဲနိုင်ပါတယ်။
တစ်ကီလိုဂရမ်= ၂.၂ပေါင်
တစ်မီတာ= ၃၉.၃၇ လက်မ
ထွက်ပေါ်လာတဲ့ အဖြေကို ကြည့်ပြီး မိမိကိုယ်ကို ပုံမှန် အလေးချိန်အတွင်းဝင်ရဲ့လား၊ ပိုမှန်အောက်လား ၊ ပုံမှန်အထက်လားဆိုတာကို သိနိုင်ပါတယ်။
၁၈.၅ အောက်= သာမန်အောက် ပိန်နေသည်။
၁၈.၅မှ ၂၄.၉အတွင်း= ရှိသင့်သော အလေးချိန်အတွင်းရှိသည်။
၂၅ မှ ၂၉.၉= အနည်းငယ် ၀နေသည်။
၃၀မှ ၄၀ အတွင်း= အ၀လွန်သောအဆင့်တွင်ရှိသည်။
၄၀အထက်= ဆိုးဆိုးဝါးဝါးကို ၀လွန်းနေပါသည်။
အထက်ပါအခြေအနေအရ ကျွန်တော်တို့ဟာ ဘယ်အတိုင်းအတာအတွင်း ရောက်နေတယ်ဆိုတာ တွက်ချက်လို့ရပါတယ်။ BMI ၃၀ အထက်ဆိုရင်တော့ သင်ဟာ အ၀လွန်ဝေဒနာ ခံစားနေရပြီဖြစ်ပါတယ်။
သာမန်အားဖြင့် အမျိုးသားတွေမှာ ခန္ဓာကိုယ်ရှိ အဆီပမာဏဟာ ပုံမှန်အားဖြင့် ၁၅ ကနေ ၂၀ ရာခိုင်နှုန်းကြားပြီး အမျိုးသမီးတွေမှာ ၂၅ ကနေ ၃၀ ရာခိုင်နှုန်းကြားရှိတတ်ပါတယ်။ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်မှာ အဆီ ဘယ်လောက်ရှိသလဲ ပျှမ်းမျှတွက်ချက်ကြည့်ရအောင်…..
body fat percentage = 1.2(BMI) + 0.23(age) - 10.8(sex) - 5.4
အဆီပမာဏကို တွက်မယ်ဆိုရင် အထက်ပါ Deurenberg equation အတိုင်း တွက်နိုင်ပါတယ်။ BMI နေရာမှာ သင့်ရဲ့ BMI ကို ထည့်ရပါမယ်၊ အသက်(age)နေရာမှာတော့ သင့်ရဲ့ယခုလက်ရှိရောက်နေတဲ့အသက်ပေါ့၊ sex နေရာမှာတော့ သင်ဟာ အမျိုးသားဖြစ်ရင် ၁ ကို အစားထိုးရမှာဖြစ်ပြီး အမျိုးသမီးဖြစ်ရင်တော့ ၀ (သုည)ကို အစားထိုးရမှာဖြစ်ပါတယ်။ ဒီညီမျှခြင်းက အပြည့်အ၀ မှန်တယ်လို့ တော့ ပြောမရပါဘူးတဲ့။ ဘာလို့ လဲဆိုတော့ ခန္ဓာကိုယ်ရဲ့ ကြွက်သားအလေးချိန်ပမာဏက တစ်ဦးနဲ့တစ်ဦး မတူညီနိုင်တဲ့ အချက်တွေကြောင့် အနည်းငယ်တော့ လွဲကောင်းလွဲနိုင်တယ်လို့ဆိုပါတယ်။
ထွက်လာတဲ့အဖြေပေါ်မူတည်ပြီး သင်ဟာ အ၀လွန်နေခြင်း ရှိမရှိ ပြောလို့ ရနိုင်ပါတယ်။ အဖြေရလဒ်က အမျိုးသားများအတွက် ၂၅ ရာခိုင်နှုန်း အထက်ဆိုရင် အ၀လွန်နေပြီး အမျိုးသမီးများအတွက်ဆိုရင်တော့ ၃၃ရာခိုင်နှုန်းအထက်ဆိုရင် အ၀လွန်နေပါတယ်။ တနည်းအားဖြင့် အဆီတွေ ပိုနေပါတယ်ပေါ့ဗျာ။


(ဆက်ပါဦးမည်)
အောင်အောင်

суббота, 1 января 2011 г.

လေထုညစ်ညမ်းမှုနှင့် နှလုံးရောဂါများကြား ဆက်စပ်မှုရှိ

နှလုံးရောဂါဖြစ်ဖို့ အလားအလာရှိသူများအနေဖြင့် လေထုညစ်ညမ်းသည့် ပတ်ဝန်းကျင်ကို ရှောင်ရှားသင့်ကြောင်း အမေရိကန်နှလုံးကျန်းမာရေးအဖွဲ့အစည်း( American Heart Association ,AHA)မှ အဆိုပြုပြောကြားထားပါသည်။ လေထုညစ်ညမ်းသည့်နေရာတွင် အနေများသူများအနေဖြင့် နှလုံးအလုပ်မလုပ်ခြင်း၊ လေသင်တုန်း  ဖြတ်ခြင်းနှင့်  အခြားသော နှလုံးသွေးကြောဆိုင်ရာ ရောဂါများဖြစ်ပွါးဖို့  အခွင့်အလမ်းများကြောင်း သိရှိရသည်။ AHA အဖွဲ့အစည်းက အတည်ပြုထား သည်မှာ လေထုထဲတွင်ရှိသော သေးငယ်သည့် အမှုန်လေးများ (PM2.5)သည်  နှလုံးရောဂါနှင့် သက်ဆိုင်နေသော အခြေခံအကျဆုံး အမှုန်လေးများပင်ဖြစ်ပါသည်။ PM2.5 ဆိုသည်မှာ particulate matter 2.5 ဖြစ်ပြီး ၂.၅ မိုက်ခရိုမီတာ  ထက်သေးငယ်သော အမှုန်လေးများကို ဆိုလိုခြင်းဖြစ်သည်။ (၁ မိုက်ခရိုမီတာ သည် ၁ စင်တီမီတာ၏ အပုံတသောင်းပုံ ပုံလျှင် တပုံခန့် သာ ရှိပါသည်။)
၎င်းလူကိုဒုက္ခပေးသည့် အမှုန်းလေးများသည် ခန္ဓာကိုယ်အတွင်းသို့ နည်းအမျိုးမျိုးဖြင့် ၀င်ရောက် နိုင်သော်လည်း အဓိက၀င်ရောက်နိုင်သည့် နေရာမှာ အသက်ရှုလမ်းကြောင်းမှုတဆင့် ၀င်ရောက်ခြင်းပင် ဖြစ်သည်။
ထိုမှတဆင့် သွေးလည်ပတ်မှုအဖွဲ့အစည်းအတွင်းရောက်ရှိပြီး လူကို ဘေးဥပဒ်ဖြစ်စေပါသည်။ ထို့ အပြင်ထိုအမှုန်လေးများသည် အဆုတ်အား ဒုက္ခပေးပြီး အဆုတ်အတွင်းရှိ အာရုံကြောများကို ယောင်ယမ်းစေနိုင်ပါသည်။

  “ ခန္ဓာကိုယ်ထဲကို ၀င်ရောက်လာတဲ့ လေထုထဲက အမှုန်တွေဟာ သွေးလှည့်ပတ်မှု အဖွဲ့အစည်းထဲ ရောက်ရှိပြီး ခန္ဓာကိုယ်တစ်ခုလုံးကို ဒုက္ခပေးပါတော့တယ်၊ အဆုတ်အာရုံကြော အမျှင်တွေလည်း ပျက်စီးသလို လူ့ တကိုယ်လုံးက အာရုံကြောတွေကိုလည်းထိခိုက်စေနိုင်ပါတယ်။ ဒါ့အပြင် အမှုန်တွေဟာ သွေးကြောထဲမှာ ရောက်ရှိစုဝေးပြီး သွေးခဲခြင်း၊ သွေးကြောပိတ်ခြင်းတို့  ဖြစ်ပေါ်စေကာ သွေးဖိအားကိုလည်း တက်စေပြီး နှလုံး၏ ပုံမှန်လုပ်ငန်းဆောင်တာကို ပျက်စီးစေပါတော့တယ်။ ဦးနှောက်အတွင်းရှိ သွေးကြောလေးများတွင် ပိတ်ဆို့ သွားပါက လေသင်တုန်းဖြတ်ခြင်းကိုပါ
ဖြစ်စေနိုင်ပြီး နောက်ဆုံးပိတ် အသက်သေဆုံးခြင်းကိုပါ ဖြစ်စေနိုင်ပါတယ်” ဟု မီရှီဂန် တက္ကသိုလ် ဆေးပညာဌာနမှ  ပရော်ဖက်စာ RobertD. Brookမှ ပြောကြားသွားပါသည်။
လူတို့ကို ဒုက္ခပေးသော ထိုPM2.5 အမှုန်လေးများထွက်ပေါ်ရာ ဇစ်မြစ်မှာ စက်ရုံများ၊ ကားအိတ်ဇောပိုက်များမှ ထွက်သော မီးခိုးများနှင့် မီးစက်များခုတ်မောင်းရာမှထွက်သော အခိုးအငွေ့များပင် ဖြစ်သည်။  ထို့အပြင် တောမီးများလောင်ကျွမ်းခြင်း၊ ဓါတုဇီဝပစ္စည်းများ လောင်ကျွမ်းခြင်း ကြောင့်လည်း အဆိုပါ အမှုန်လေးများ လေထုထဲတွင် ပျံ့နှံ့ နိုင်ပါသည်။
ထို့ကြောင့် နှလုံးနှင့်သွေးကြော ဆိုင်ရာ ရောဂါဖြစ်ဖို့ အလားအလာရှိသူများအနေဖြင့် ထိုကဲ့သို့သော PM2.5 အမှုန်လေးများ စုဝေးနိုင်သည့် လေထုညစ်ညမ်းသည့် နေရာများကို ရှောင်ရှားသင့်ကြောင်း အကြံပြုရေးသားလိုက်ရပါသည်။
မှတ်ချက်။        ။Good health journal တွင် ဖော်ပြပြီး ဖြစ်ပါသည်။
အောင်အောင်
Ref: Journal of American Heart Association

пятница, 31 декабря 2010 г.

ခေါက်ဆွဲခြောက်နှင့် ကျန်းမာရေး


Instant noodle ခေါ် အလွယ်တကူပြုတ်၍ စားသုံးနိုင်သော ခေါက်ဆွဲခြောက်များကို ယခုအခါ တကမ္ဘာလုံးတွင် ကျယ်ကျယ်ပြန့်ပြန့် စားသုံးလျက်ရှိပါသည်။ ဈေးနှုန်းသင့်လျော်ခြင်း၊ ပင်ပင်ပင်ပန်းပန်း ချက်ပြုတ်ရန်မလိုခြင်း၊ အချိန်ကုန်သက်သာခြင်းနှင့် လူမျိုးတိုင်းလိုလို လက်ခံစားသုံးနိုင်ခြင်းတို့ကြောင့် ၎င်းခေါက်ဆွဲခြောက်ထုပ်များမှာ ဈေးကွက်အတွင်း အတော်အသင့် နေရာယူလျက်ရှိနေသည်။ နာမည်အခေါ်အဝေါ်၊ အရည်အသွေး၊ အရသာ ကွဲလွဲမှုရှိသော်လည်း နိုင်ငံတော်တော်များများမှာ ခေါက်ဆွဲခြောက်ထုပ်များကို လိုလိုလားလား လက်ခံစားသုံးလျက်ရှိပြီး အာရှ နိုင်ငံများတွင်သာမက အနောက်ဥရောပ နိုင်ငံများတွင်လည်း ခေါက်ဆွဲခြောက်ထုပ်များ စားသုံးသည့်လူဦးရေမှာမြင့်မားလျက်ရှိပါသည်။တရုတ်နိုင်ငံသည် တကမ္ဘာလုံးခေါက်ဆွဲခြောက်စားသုံးမှု၏ ၄၈ ရာခိုင်နှုန်းရှိပြီး တစ်နှစ်စားသုံးမှုမှာ ခေါက်ဆွဲခြောက် ပါကင်ထုပ် ၄၅ ဘီလျီယံခန့်ရှိပါသည်။ တောင်ကိုရီးယားလူမျိုးများသည် ခေါက်ဆွဲခြောက်အများဆုံးစားသုံးသူများဖြစ်ပြီး တစ်နှစ်လျှင် လူတစ်ဦးချင်စီ စားသုံးမှုမှာ ပျမ်းမျှ ခေါက်ဆွဲထုပ် ပါကင်ထုတ်ကြီး ၆၉ ထုတ်ခန့်ရှိပါသည်။
ခေါက်ဆွဲခြောက်၏ သမိုင်းအစ
ကမ္ဘာနှင့်အ၀ှမ်း စားသုံးလျက်ရှိသော instant noodle ခေါက်ဆွဲခြောက်ထုပ်များကို စတင်ထုတ်လုပ်ခဲ့သူမှာ  ထိုင်ဝမ်နိုင်ငံသား Momofuku Ando ပင်ဖြစ်သည်။
Ando အား ၁၉၁၀ ခုနှစ်၊ မတ်လ (၅)ရက်နေ့တွင် ထိုင်ဝမ်ကျွန်းစု အနောက်တောင်ပိုင်း Chiayi  မြို့တွင် မွေးဖွားခဲ့သည်။ သူသည် ချမ်းသာသော မျိုးနွယ်စုမှ ပေါက်ဖွားဆင်းသက်လာသူလည်းဖြစ်ပါသည်။ Ando အား မွေးဖွားစဉ်က ထိုင်ဝမ်ကျွန်းစုသည် ဂျပန်အင်ပါယာ၏ အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့သော ကာလပင်ဖြစ်သည်။ Ando ၏ မိဘများသည် သူ ငယ်စဉ်ကတည်းကပင် ကွယ်လွန်သွားခဲ့သဖြင့် Ando သည် အဘိုးအဘွားများ၏ စောင့်ရှောက်မှုအောက်တွင် ကြီးပြင်းလာခဲ့ရသူဖြစ်သည်။ Ando ၏ အဘိုးအဘွားများသည် ချည်မျှင်နှင့်အထည်စက်ရုံပိုင်ဆိုင်ပြီး Ando အသက် ၂၂ ရောက်သောအခါ ယင်းလုပ်ငန်းများအား Ando ကိုပင် ကြီးကြပ်လုပ်ကိုင်စေခဲ့သည်။ ၁၉၃၃ ခုနှစ်တွင် Ando သည် ဂျပန်နိုင်ငံသို့ ပြောင်းရွှေ့နေထိုင်ခဲ့ပြီး Ritsumeikan တက္ကသိုလ်တွင် ပညာတက်ရောက်ဆည်းပူးခဲ့သည်။ဒုတိယ ကမ္ဘာ စစ်ပြီးသောအခါ  Ando သည် ဂျပန်နိုင်ငံသား အဖြစ်ခံယူခဲ့ပြီး  ထိုအချိန်က ဂျပန်နိုင်ငံသည် စားနပ်ရိက္ခာ ပြတ်လပ်မှုဒဏ်ကို ခံစားနေရချိန်ဖြစ်သည်။ စားနပ်ရိက္ခာအခက်အခဲကြောင့် ဂျပန် ကျန်းမာရေးအဖွဲ့အစည်းက  ဂျပန်နိုင်ငံသူ နိုင်ငံသားများအား ဂျုံဖြူမှ ပြုလုပ်သော ပေါင်မုန့်များကိုပိုမိုဖြည့်စွက်စားသုံးရန် အကြံပြုခဲ့သည်။ ထိုအခါ Ando သည် ဂျုံမှပြုလုပ်တာချင်းအတူတူ ပေါင်မုန့်ထက် ခေါက်ဆွဲက ဂျပန်လူမျိုးများအတွက် စားသုံးဖို့ ပိုမိုသင့်လျော်မည်ဟု စူးစမ်းမိသည်။သို့သော်လည်း ထိုအချိန်က ခေါက်ဆွဲထုတ်လုပ်နိုင်သည့် ကုမ္ပဏီ အရေအတွက်မှာ အင်မတန်နည်းပါးနေသဖြင့် တိုင်းပြည်၏လိုအပ်ချက်ကို မဖြည့်ဆည်းနိုင်ခဲ့ပေ။ ထို့ကြောင့်Andoသည် မိမိကိုယ်ပိုင် စက်ရုံတည်ထောင်၍ ခေါက်ဆွဲထုတ်လုပ်ရန် ဆုံးဖြတ်ခဲ့သည်။
“လူတွေမှာ စားစရာသာ အလုံအလောက်ရှိမယ်ဆိုရင် ဒီကမ္ဘာကြီးဟာ ငြိမ်းချမ်းမှုတွေနဲ့ ပြည့်စုံနေပါလိမ့်မယ်” ဟု Ando သည် သိမြင်လာခဲ့သည်။ သူ့အသက် ၄၈ နှစ်သို့ရောက်သောအခါ chikin ramen ခေါ် ကမ္ဘာ့ပထမဆုံးခေါက်ဆွဲခြောက်ကို ဈေးကွက်အတွင်းဖြန့်ချိနိုင်ခဲ့သည်။ Ramen ခေါက်ဆွဲအား ဂျပန်နိုင်ငံတွင် ယနေ့တိုင်စားသုံးလျက်ရှိပြီး ၎င်းခေါက်ဆွဲထုတ်လုပ်သည့် Nissin Food Products ကုမ္ပဏီမှာလည်း နာမည်ကျော်ကြားလျက်ရှိပါသည်။ ထိုအချိန်က Ramen ခေါက်ဆွဲခြောက်တထုပ်၏ တန်ဖိုးမှာ ဂျပန်ယမ်  ၃၅ ခန့်ရှိပြီး ထိုအချိန်က ပေါ်ပေါက်ခဲ့သော ဂျပန်ရိုးရာ ခေါက်ဆွဲများထက် ၆ဆခန့်ဈေးကြီးမားခဲ့ပါသည်။ သို့သော် Andoသည် အသင့်စား ခေါက်ဆွဲဘူး(Cup noodle ) များကို ၁၉၇၁ ခုနှစ်တွင် ထုတ်လုပ်နိုင်ခဲ့ပြီးနောက် ထိုခေါက်ဆွဲဘူးများမှာ ဈေးကွက်တွင် လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့ပြီး ခေါက်ဆွဲထုပ် ဈေးနှုန်းများလည်း သက်သာလာခဲ့သည်။ ၂၀၀၈ ခုနှစ်တွင် ဈေးကွက်ရောင်းလိုအားမှာ ခေါက်ဆွဲထုပ်ပေါင်း အထုပ်ရေ ၉၈ ဘီလျီယံထိ မြင့်တက်လာခဲ့သည်။ Chikin Ramen ခေါက်ဆွဲတထုပ်၏ တန်ဖိုးမှာ ယမ် ၆၀ ၀န်းကျင်ခန့်ရှိပြီး ဂျပန်စားသောက်ဆိုင်များရှိ ခေါက်ဆွဲတစ်ပန်းကန်၏ တန်ဖိုးထက် ၃ဆခန့် သက်သာလာခဲ့ပါသည်။
Ando သည် သူ၏ အထိမ်းအမှတ် ပြတိုက်( Momofuku Ando Instant Ramen Museum)၏ ဥက္ကဌလည်း ဖြစ်ပြီး ထိုပြတိုက်အား ဂျပန်နိုင်ငံ အိုဆာကာပြည်နယ် အိုင်ကီဒါတွင် ဖွင့်လှစ်ပြသလျက်ရှိပါသည်။ ပြတိုက်အတွင်းတွင် Ramen ခေါက်ဆွဲထုတ်လုပ်သည့် လုပ်ငန်းခွင်အသေးစားလေးအား ပြသလျက်ရှိပြီး အလည်အပတ်လာရောက်သများအနေဖြင့် မိမိတို့ကိုယ်တိုင် ပြုလုပ်စမ်းသပ် စားသုံးနိုင်ပါသည်။
ဤကဲ့သို့သော Ando၏ အောင်မြင်မှုများအတွက် ဂျပန်အစိုးရမှ Andoအား ဆုတံဆိပ်များ ချီးမြှင့်ခဲ့သည်။ ခေါက်ဆွဲခြောက်တို့၏ တီထွင်မှု ဖခင်ကြီးAndoသည် အသက် ၉၆ နှစ်အရွယ် ၂၀၀၇ ခုနှစ် ဇန်န၀ါရီ ၅ရက်နေ့တွင် နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ ဇနီးတစ်ယောက်၊ သားနှစ်ယောက်နှင့် သမီးတစ်ယောက် ကျန်ရစ်ခဲ့ပြီး ၎င်း၏ သားဖြစ်သူ Koki Ando မှာ ယခုအခါ ဂျပန် Nissin Food Products Co. Ltd ၏ ဥက္ကဌအဖြစ် ဖခင်၏ လုပ်ငန်းကို ဆက်လက်ဦးဆောင် လုပ်ကိုင်လျက်ရှိပါသည်။

ခေါက်ဆွဲခြောက်နှင့်ကျန်းမာရေး
ခေါက်ဆွဲခြောက်သည် ကာဘိုဟိုက်ဒရိတ် ကြွယ်ဝသော အစားအစာဖြစ်ပြီး ပရိုတင်း၊ အဆီဓါတ်နှင့် တခြား ဗီတာမင်နှင့် သတ္တုဓါတ်များပါဝင်ပါသည်။ သို့သော်  ခေါက်ဆွဲခြောက်များတွင်ပါဝင်သော ဆားပမာဏမှာ အနည်းငယ်များနေနိုင်ပါသည်။ အသက် ၄နှစ်အထက် လူတစ်ယောက်အတွက် တစ်နေ့တာ ဆားလိုအပ်ချက်ပမာဏမှာ ၂၄၀၀ မီလီဂရမ်ဖြစ်ပြီး အချို့သော ခေါက်ဆွဲခြောက်များတွင်ပါဝင်သော ဆားပမာဏမှာ ၁၀၀၀ မီလီဂရမ် ကျော်နေပါသည်။ ထို့ကြောင့် သွေးတိုးရောဂါရှိသူများ၊ နှလုံးကောင်းကောင်း အလုပ်မလုပ်သူများအနေဖြင့် ခေါက်ဆွဲခြောက်များကို အလွန်အကျွံမစားမိဖို သတိပြုရန် လိုအပ်ပါသည်။
ထို့ပြင် ခေါက်ဆွဲခြောက်များတွင် monosodium glutamate ခေါ် ဟင်းချိုမှုန့်များ ပါဝင်နေနိုင်ပါသည်။ ၎င်း monosodium glutamate(MSG) သည် အမိုင်နို အက်ဆစ် အမျိုးအစား တစ်မျိုးဖြစ်ပြီး ၄င်းသည် အစားအစာများကို အနံ့အရသာရှိစေနိုင်ပါသည်။ ထို့ကြောင့် MSG အား ခေါက်ဆွဲခြောက် အရောအနှောမှုန့်များတွင် ထည့်သွင်းအသုံးပြုလာကြပါသည်။MSGကို မကြာခဏစားသုံးပါက  လူကို စွဲစေတတ်သော သတ္တိရှိပါသည်။ ခေါက်ဆွဲခြောက်များတွင် MSG ပါဝင်သဖြင့် စားသုံးသူများအား ဥပဒ်ဖြစ်စေသည်၊ မဖြစ်စေသည်ကတော့ ယနေ့တိုင် အငြင်းပွါးဖွယ်ဖြစ်ပါသည်။ အမေရိကန် အစားအစာနှင့် ဆေးဝါး အဖွဲ့အစည်း(Food and Drug Administration)၏ အဆိုပြုချက်အရ MSG ကိုအလွန်အကျွံစားသုံးမိပါက ခေါင်းကိုက်ခြင်း၊ မျက်နှာသွေးရောင်ဖြန်းခြင်း၊ မျက်နှာ ၊ လည်ပင်းနှင့် နောက်ကျော နေရာများတွင် ထုံကျင်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊နှလုံးတုန်ခြင်း၊ ပျို့ခြင်း အန်ခြင်းများ ဖြစ်ပေါ်စေနိုင်ပါသည်။ အထက်ပါလက္ခဏာများ ဖြစ်ပေါ်ခံစားရခြင်းကို တရုတ်စားသောက်ဆိုင်များကြောင့် ဖြစ်ပေါ်လာသော ရောဂါဒြပ်ပေါင်းစု (Chinese Restaurant Syndrome) ဟူ၍ခေါ်ဆိုပါသည်။ အဘယ့်ကြောင့်ဆိုသော် တရုတ်နိုင်ငံရှိ စားသောက်ဆိုင်များတွင် MSG အများအပြားအသုံးပြုပြီး တရုတ်အစားအစာများတွင်လည်း MSG လိုအပ်သည်ထက် ပိုမိုပါဝင်နေသောကြောင့်ပင် ဖြစ်ပါသည်။ ပန်းနာရင်ကြပ်ရောဂါ ရှိသူများအနေဖြင့် MSG အများအပြားစားသုံးမိပါက ရင်ကြပ်ရောဂါကို ပိုမိုဆိုးဝါးစေနိုင်ပါသည်။
သို့သော် MSG သည် လူသားကို ကောင်းကျိုးပြုသော အချက်များလည်း ရှိပါသည်။ ၎င်းသည် အစားအစာများကို အနံ့အရာသာနှင့် ပြည့်စုံစေနိုင်သောကြောင့် သက်ကြီးရွယ်အိုများ နှင့် အစားအသောက် ခံတွင်းပျက်နေသူများအတွက် အစာစားချင်စိတ်ဖြစ်ပေါ်စေနိုင်ပါသည်။ မည်သို့ပင်ဆိုစေကာမူ ခေါက်ဆွဲခြောက်စားသုံးခြင်းကြောင့် MSG က လူသားအပေါ်  ဘေးဥပဒ်ဖြစ်စေနိုင်မှုကိုမူ မည်သူမျှ တိတိကျကျမပြောနိုင်သေးပေ။
ခေါက်ဆွဲခြောက်နှင့်ပတ်သတ်၍ နောက်ထပ် ရေပန်းစားနေသော အရာမှာ ကင်ဆာ ပင်ဖြစ်သည်။ ခေါက်ဆွဲခြောက်များတွင် ခေါက်ဆွဲအမျှင်များပုံသဏ္ဍန်များ မပျက်ယွင်းစေရန်နှင့် ခေါက်ဆွဲခြောက်အား ပြုတ်လိုက်သောအခါ  အမျှင်များ  တစ်ခုနှင့် တစ်ခုမကပ်စေရန် ဖယောင်း (wax) များကို အသုံးပြုသည်ဟုဆိုပါသည်။ ထိုဖယောင်းများကို အစာအိမ်က ချေဖျက်ရန် ၇၂ နာရီကြာမြင့်ပါသည်။ ထို့ကြောင့် ခေါက်ဆွဲခြောက် ရေရှည်စားသုံးသူများအနေဖြင့် ကင်ဆာဖြစ်ဖို့  အလားအလာများသည်ဟု ဆိုကြပါသည်။ သို့သော် တိကျသော သုတေသန ပြုချက်များ ယနေ့တိုင်မရှိသေးပါ။ အကယ်၍ ခေါက်ဆွဲခြောက်များတွင် ဖယောင်းများပါဝင်ခဲ့ပါက ထိုဖယောင်းများအား ဖယ်ရှားပြီး လူ့ခန္ဓာကို ဘေးဥပဒ်မဖြစ်စေရန် ခေါက်ဆွဲပြုတ်ရမည့် နည်းလမ်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
ပထမဦးစွာ ရေနွးကို ဆူအောင်တည်ပါ။ ရေနွေးဆူလာသောအခါ ခေါက်ဆွဲခြောက်ကို ရေနွေးအိုးထဲထည့်ပြီး ခေါက်ဆွဲကျက်သည်အထိ ပြုတ်ပါ။ ထို့နောက် ခေါက်ဆွဲဖတ်များကို ဖယ်ထားပြီး ထိုခေါက်ဆွဲပြုတ်ထားသော အရည်များကို သွန်ပစ်ရပါမည်။ အဘယ့်ကြောင့်ဆိုသော် ထိုရေများထဲတွင် ဖယောင်းများ ပျော်ဝင်သွားသောကြောင့် ဖြစ်ပါသည်။ ဖယောင်းပျော်ဝင်ထားသော ခေါက်ဆွဲပြုတ်ရည်များမှာ အ၀ါဖျော့ဖျော့ရောင် သမ်းနေနိုင်သည်ဟု ဆိုပါသည်။ ထိုအ၇ည်များအား သွန်ပစ်ပြီးနောက် ရေနွေးအသစ်ထပ်တည်ပါ။ ထိုရေနွေးအသစ် ဆူလာသောအခါ စောစောပိုင်းကဖယ်ထားသော ခေါက်ဆွဲဖတ်များအား အိုးထဲထည့်ရပါမည်။ ထို့နောက် ခေါက်ဆွဲထုပ်တွင်ပါဝင်သော အရောအနှောအမှုန့်များကို အိုးထဲထည့်ရပါမည်။ တခြားမိမိစားချင်သော အသီးအရွက် ကြက်ဥများကိုလည်း ဤဒုတိယအကြိမ်ပြုတ်သော ခေါက်ဆွဲအရည်ထဲတွင်သာထည့်၍ မိမိတို့နှစ်သက်သလိုထည့်၍ စားသုံးနိုင်ပါသည်။ အထက်ပါနည်းလမ်းများမှာ အကယ်၍ ခေါက်ဆွဲခြောက်များအတွင်း ဖယောင်းများ ပါလာပါက ခန္ဓာကိုယ်အတွင်း မရောက်စေရန် ကြိုတင်ကာကွယ်၍ စားသုံးသော နည်းလမ်းဖြစ်ပါသည်။ ယနေ့ထိတိုင်တော့ ခေါက်ဆွဲခြောက်စားပြီး ကင်ဆာ ဖြစ်ပွါးသူရယ်လို့  တိတိကျကျ စာရင်းသုတေသန မပြုလုပ်နိုင်၊ မတွေ့ရှိနိုင်သေးပါ။
ခေါက်ဆွဲခြောက်တီထွင်ခဲ့သူ Ando သည်လည်း ခေါက်ဆွဲခြောက်စားပြီး အသက် ရှည်ရှည်နေထိုင်သွားခဲ့ပါသည်။ “Ando အခုလို အသက် ၉၆ နှစ်ထိ နေထိုင်သွားနိုင်တာကတော့ ထွေထွေထူးထူးမဟုတ်ပါဘူး၊ သူဟာ အားကစားအနေနဲ့ ဂေါက်ကစားခြင်းတမျိုးတည်းကိုသာ ကစားပြီး ramen ခေါက်ဆွဲကို နေ့စဉ်စားသုံးလို့သာ ခုလို အသက်ရှည်နေထိုင်သွားနိုင်တာပါ၊ သူမကွယ်လွန်ခင် တစ်ရက်အထိ သူဟာ ramen ခေါက်ဆွဲခြောက်ကို တရှိုက်မက်မက် စားသုံးသွားခဲ့ပါတယ်” ဟု  ကျန်ရစ်သူ Ando၏ဇနီးက ပြောကြားခဲ့ပါသည်။
မည်သို့ပင်ဆိုကြစေကာမူ “အစာလည်းဆေး ဆေးလည်း အစာ” ဆိုသည့်အတိုင်း အရာရာကို ချင့်ချိန်စားသုံးမှသာ မိမိတို့၏ ကျန်းမာရေးကို အထောက်အကူပြုမည်ဖြစ်ပါသည်။ ရောဂါကိုကုသသည့် ဆေးဝါးများကိုတောင် သူ့အတိုင်းအဆနှင့်သူ သောက်သုံးပါမှ ဆေးစွမ်းထက်ပါလိမ့်မည်၊ ရောဂါပျောက်စေနိုင်သည်ဆိုပြီး လိုအပ်သည်ထက်ပို၍ အလွန်အကျွံသောက်သုံးပါက ဘေးဒုက္ခ ဖြစ်စေနိုင်ပါသည်။ ထို့ကြောင့် ခေါက်ဆွဲခြောက်ကိုသာမက မည်သည့်အစားအစာကိုမဆို မိမိတို့၏ ကျန်းမာရေးအတွက် သင့်တင့်အောင် စားသုံးမှသာ ကောင်းကျိုးပြုမည်ဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။

မှတ်ချက်။     ။ဒီဆောင်းပါးလေးကို အယ်ဒီတာမှ တည်းဖြတ်ပြင်ဆင်ပြီး ဇီဝက ကျန်းမာရေးမဂ္ဂဇင်းတွင် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ ခေါက်ဆွဲခြောက်များကြောင့် ကင်ဆာ ဖြစ်နိုင်တယ်ဆိုတာ စိတ်ဝင်စားဖွယ်ဖြစ်ပေမယ့် ခုအချိန်ထိ  မည်သူမျှ အတိအကျ မပြောနိုင်သေးပါကြောင်း ထပ်လောင်းပြောကြားအပ်ပါသည်။

четверг, 23 декабря 2010 г.

ဗီတာမင်ဘီ အုပ်စုများသည် မှတ်ဥာဏ်ချို့ယွင်းခြင်းကို သက်သာစေနိုင်


ဗီတာမင်ဘီ မှီဝဲစားသုံးခြင်းဟာ သက်ကြီးရွယ်အိုများတွင် မှတ်ဥာဏ်ချို့ယွင်းခြင်းနှင့် သတိ

မေ့တတ်ခြင်းကို လျှော့ကျစေနိုင်ပါတယ်။ အင်္ဂလန်နိုင်ငံတွင် ၂နှစ်ကြာ လေ့လာစမ်းသပ်မှုများ ပြုလုပ်ပြီးနောက်

အထက်ပါ အဆိုပြုချက်ကို ပြောကြားလိုက်ခြင်းဖြစ်ပါတယ်။ ဗီတာမင် B6၊ B12 နှင့် ဖောလစ်အက်စစ်

အပါအ၀င် ဗီတာမင် ဘီ အုပ်စုများဟာ သက်ကြီးရွယ်အိုများတွင် ဖြစ်တတ်လေ့ရှိသော အယ်လ်ဇိုင်းမား ရောဂါ

(Alzheimer disease) နှင့် အခြားသော မှတ်ဥာဏ်ချို့ယွင်းသည့် ပြဿနာများကို လျှော့ချပေးနိုင်စွမ်းရှိပါတယ်။

မှတ်ဥာဏ်ချို့ယွင်းမှု လက္ခဏာပေါ်ပေါက်နေသော လူနာများနှင့် သွေးထဲတွင် ဟိုမိုစစ်စတင်း

(homocysteine) ပမာဏမြင့်မားနေသော လူနာများတွင် ဗီတာမင်ဘီဆေးဝါးများကို သိသိသာသာ

တုံ့ပြန်နိုင်စွမ်းရှိကြောင်း Houston ပြည်နယ် ဦးနှောက်နှင့်အာရုံကြောဆိုင်ရာတက္ကသိုလ်မှ ဆရာဝန်ကြီး

တစ်ဦးဖြစ်သူ Dr. Gustavo C. Roman က ပြောကြားခဲ့ပါတယ်။ ဟိုမိုစစ်စတင်းဟူသည်မှာ သွေးထဲတွင်ရှိသော

အမိုင်နိုအက်စစ်တစ်မျိုးဖြစ်ပြီး ၎င်း ဟိုမိုစစ်စတင်းပမာဏ မြင့်တက်နေခြင်းနှင့် အယ်လ်ဇိုင်းမားရောဂါ

ခံစားရခြင်းတို့ကြား ဆက်နွယ်မှုရှိနေပါတယ်။

စမ်းသပ်ချက်များအရ ဗီတာမင်ဘီကို စားဆေးမှီဝဲခြင်းထက် ထိုးဆေးအဖြစ်မှီဝဲခြင်းက

မှတ်ဥာဏ်ချို့ယွင်းသော လူနာများတွင် ပိုမို ထိရောက်မှုရှိကြောင်း Roman က အဆိုပြုပါတယ်။

သက်ကြီးရွယ်အိုများတွင် ခံစားရလေ့ရှိတဲ့ အယ်လ်ဇိုင်းမားရောဂါရဲ့ လက္ခဏာတွေကတော့

အောက်ပါအတိုင်းဖြစ်ပါတယ်။

၁။ လတ်တလော ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်များကို မေ့နေခြင်း

၂။ ဂဏန်းသင်္ချာ ရေတွက်ခြင်း၊ ပြဿာနာများကိုင်တွယ်ဖြေရှင်းရာတွင် အခက်အခဲဖြစ်ပေါ်ခြင်း

၃။ နိစ္စဓူဝ ဆောင်ရွက်မှုများတွင် အဆင်မပြေဖြစ်ခြင်း

၎။ အချိန်နာရီများ မသိရှိ၊ မမှတ်မိခြင်း

၅။ စာဖတ်၊ စာရေးခြင်းနှင့် စကားပြောဆိုရာတွင် အခက်အခဲရှိခြင်း

၆။ လူမှုဆက်ဆံရေး ချို့ယွင်းခြင်း

၇။ သိသိသာသာ စိတ်အခြေအနေများပြောင်းလဲခြင်း ၊ စိတ်အလိုမကျဖြစ်ခြင်း တို့ပဲ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံ၏ လူဦးရေငါးသန်းကျော်လောက်ဟာလည်း အထက်ပါ အယ်လ်ဇိုင်းမားရောဂါ

ခံစားနေရကြောင်း သိရှိရပါတယ်။ ဗီတာမင်ဘီများ မှီဝဲ သောက်သုံးခြင်းဖြင့် မှတ်ဥာဏ်ချို့ယွင်းခြင်းကို အပြည့်အ၀ ကာကွယ်မပေးနိုင်ပါဘူး။ ဒါပေမယ့် မှန်ကန်သင့်လျော်သော ဆေးပမာဏကို သုံးစွဲမယ်ဆိုရင်တော့ မှတ်ဥာဏ်

ချို့ယွင်းသည့်ရောဂါကို ပိုမိုမဆိုးဝါးအောင် တားဆီးထိန်းချုပ်ထားနိုင်မှာဖြစ်ပါတယ်လို့ Roman က

ဆက်လက်ပြောကြားသွားပါတယ်။

ref: internet

ရင်သားကင်ဆာ ကာကွယ်စေနိုင်ဖို့


၁။ ခန္ဓာကိုယ် အလေးချိန်ထိန်းသိမ်းပါ။
Body Mass Index ( BMI) ကို ၂၅ထက်နဲပါစေ။
တနည်းအားဖြင့် အ၀မလွန်အောင် ဂရုစိုက်ပါ။
သွေးဆုံးပြီး အမျိုးသမီးတွေမှာ BMI တက်ခြင်းဟာ ရင်သားကင်ဆာဖြစ်ဖို့ အလားအလာများပါတယ်..
BMI ကိုတွက်ဖို့ အတွက် မိမိရဲ့ ခန္ဓာကိုယ်အလေးချိန် (ကီလိုဂရမ်) ကိုတည်ပြီး မိမိရဲ့ အရပ်( မီတာ) ၂ထပ်နဲ့ စားရပါတယ်။

BMI= body weight(kg)/height(
m2)

ရလာတဲ့ အဖြေက

<18.5= သာမန်အလေးချိန်ထက် လျော့နည်းနေပါသည်။

18.5-25= ရှိသင့်တဲ့ အလေးချိန်အတွင်း စံ ၀င်ပါသည်။

25-30= အနည်းငယ် ၀ နေပါသည်။

30-40= အလွန် ၀နေပါသည်။

>40= ဆိုးဆိုးဝါးဝါး ၀နေပါသည်။

အောက်က ပုံလေးကို ကြည့်ပါ။ မိမိတို့ ဘယ်အကွက်ထဲ ၀င်နေတယ်ဆိုတာကို ယေဘုယျကြည့်နိုင်ပါတယ်။

ဥပမာ..

အရပ် ၅ ပေ ၂လက်မနှင့် ပေါင် ၁၃၀ ရှိသော သူမှာ စံ အလေးချိန် အပြာကွက်အတွင်း သက်ရောက်နေပါသည်။

၂။အရက်သောက်ခြင်းကိုလျှော့ချပါ။
ဒီအချက်ကတော့မြန်မာအမျိုးသမီးလေးတွေအတွက် သိပ်မလိုအပ်ပါဘူး၊ နေ့စဉ် အလန်အမင်း အရက်သောက်သုံးပါက
ကင်ဆာဖြစ်ပွါးမှု ၂၀ကနေ ၂၅ ရာခိုင်နှုန်းထိ တက်နိုင်ပါတယ်..

၃။ ဟင်းသီးဟင်းရွက်များများစားပါ။
ရင်သားကင်ဆာကိုကာကွယ်ပေးနိုင်သော အဓိကအချက်အလက်မှာ အသီးအရွက်များများစားပေးခြင်းဖြစ်ပါသည်။
ဂေါ်ဖီ၊ပန်းမုန်လာ၊အစိမ်းရင့်ရောင်ရှိသော ဟင်းသီးဟင်းရွက်များ (ဥပမာ- ဟင်းနုနွယ် အစရှိသည်)တို့ နှင့် အချဉ်ဓါတ်ပါသော
သစ်သီးများ ဖြစ်သည့် သံပုရာသီး၊စပျစ်သီး စသည်တို့ ကို တတ်နိုင်သလောက်များများစားပေးဖို့လိုပါသည်။
သတိထားရမည့်အချက်မှာ ဟင်းသီးဟင်းရွက်များကိုကြော်လှော်ချက်ပြုတ်ရာတွင် အ၇မ်းအကျက်မလွန်မိဖို့ဂရုပြုရပါမည်။
ကင်ဆာကို ကာကွယ်နိုင်သော ဓါတ်ပေါင်းများမှာ အပူကိုကြောက်ပါသည်၊၊ အလွန်အမင်း နွမ်းဖတ်သွားအောင် ချက်လိုက်ပါက
၎င်းတို့တွင်ပါဝင်သည့် ကင်ဆာကာကွယ်သော ဓါတ်များဆုံးရှုံးသွားမည်ဖြစ်ပါသည်။

၎။ နေ့စဉ်လေ့ကျင့်ခန်းလုပ်ပါ၊ မျှတစွာအနားယူပါ။
ပေါ့ပါးသောလေ့ကျင့်ခန်းလေးများအားပုံမှန်လုပ်ဆောင်ပေးခြင်းသည်လည်း ရင်သားကင်ဆာကိုကာကွယ်ပေးပါသည်။
တနေ့လျှင်နာရီဝက်နှုန်းဖြင့် တပတ်လျှင် အနဲဆုံး ၅ရက်ခန့် ပုံမှန်လေ့ကျင့်ခန်းများ (ဥပမာ- လမ်းလျှောက်ခြင်း၊ အေရိုးဗစ်
ကစားခြင်း)တို့ ကိုလုပ်ဆောင်ပေးပါ။ အ၇မ်း ပင်ပန်းနွမ်းနယ်စေသော လေ့ကျင့်ခန်းများကို မဆိုလိုပါ၊ပေါ့ပါးသော ကိုယ်လက်လှုပ်ရှားမှု
ဖြစ်ရပါမည်။

၅။ အဆီစားသုံးမှုကိုလျှော့ချပါ။
စားသုံးသောအစားအစာတွင် အဆီများစွာပါဝင်နေခြင်းသည်လည်း ရင်သားကင်ဆာကိုဖြစ်ဖို့ အလားအလာများပါသည်။
မပြည့်ဝဆီများဖြစ်သည့် တိရစ္ဆာန် အဆီများကိုလျှော့စားပါ။ ပြည့်ဝဆီများဖြစ်သည့် အသီးအနှံက ရရှိသည့် အဆီများကိုသာ
အစားထိုးစားသုံးပါ။အစေ့အဆံများမှ ရရှိသောအဆီ၊ သံလွင်ဆီနှင့် ထောပတ်သီးတွင်ပါဝင်သော အဆီသည် လည်း
ကင်ဆာရောဂါကိုကာကွယ်ပေးပါသည်။ဆောလမွန်ငါး၊ တူနာငါး နှင့် ငါးသေတ္တာငါးတို့ တွင်လည်း omega-3 ပါဝင်ပြီး
ကင်ဆာကိုကာကွယ်ပေးပါသည်။

၆။ အချိုအလွန်စားသုံးခြင်းရှောင်ပါ။
ဂျုံဖြူ၊အာလူးဖြူ နှင့်သကြားတို့သည်လည်း ကင်ဆာဖြစ်စေသောဆဲလ်များကို ပိုမိုတိုးပွါးစေသဖြင့် လျှော့ချစားသုံးသင့်ပါသည်။

၇။ ပဲပိစပ်နှင့်လုပ်ထားသော အစားအစာများစားသုံးပေးပါ။
ပဲပိစပ်များ ၊ပဲနို့ရည်များသောက်သုံးပေးပါ။

၈။ စက်ရုံများမှ စွန့်ထုတ်ပစ္စည်းများနှင့် ထိတွေ့မှုမရှိပါစေနှင့်။
ပိုးသတ်ဆေး စက်ရုံများမှ လွင့်စင်လာသောအမှုန်အမွှားတို့တွင်လည်း အီစတိုဂျင်ဟော်မုန်းကဲ့သို့သော ဓါတ်ပေါင်းများပါဝင်
နိုင်သဖြင့် ၎င်းတို့နှင့်မထိတွေ့အောင် ရှောင်ရှားပါ။မလိုအပ်ဘဲနှင့် Estrogen ပါဝင်သောဆေးများ၊တားဆေးအချို့ကို သောက်သုံး
မှုမပြုပါနှင့်၊၊

၉။ ဗီတာမင်ဆေးဝါးများသောက်သုံးပေးပါ။
ဗီတာမင် ကြွယ်သော အစားအစာများ စားပါ။ Vitamin C နှင့် Vitamin E တို့ ကို နေ့စဉ်သောက်သုံးပေးပါက ရင်သားကင်ဆာ ကို အထိုက်အလျောက်ကာကွယ်ပေးပါသည်။
သို့သော် တန်ဆေး လွန်ဘေးဆိုတာကိုတော့ သတိထားစေချင်ပါသည်။

၁၀။ ယောနိသော မနသီကာရ စိတ်လေးမွေးပါ။
ဘာကိုပဲဖြစ်ဖြစ် အကောင်းမြင်စိတ်လေးထားပေးပါ။ မလိုအပ်ဘဲနှင့် စိတ်တိုခြင်း၊ဒေါသထွက်ခြင်းများမပြုလုပ်ပါနှင့်။
မိမိ မိသားစု၊ အပေါင်းအသင်းများနှင့် နွေးထွေးကြင်နာစွာဆက်ဆံပါ.။ ပျော်ရွှင်စွာဖြင့် နေ့ရက်များကို ကုန်လွန်ပါစေ။
တနေ့လျှင် ယေဘုယျအားဖြင့် အနဲဆုံး ၇ နာရီမှ ၈နာ၇ီထိ အိပ်ချိန်ပေးပါ။မလိုအပ်ဘဲ အိပ်ရေးပျက်မခံပါနှင့်။စိတ်ဖိစီးမှု မရှိအောင်
သတိထားပြီးနေထိုင်ပေးပါ။

အထက်ပါအတိုင်း ပြုမူနေထိုင်မယ်ဆိုရင် ရင်သားကင်ဆာဖြစ်ပွါးမှုကို အတိုင်းအတာ တစ်ခုထိ လျော့ကျစေနိုင်မှာပါ။

အမျိုးသမီးအားလုံးပဲ ကျန်းမာစွာ နေထိုင်နိုင်ကြပါစေ။